စစ်အာဏာရှင်၏ အမူအကျင့်များရှိလာပါက ဖယ်ထုတ်မည်ဟု ယာယီသမ္မတ သတိပေး

စစ်အာဏာရှင်၏ အမူအကျင့်များရှိလာပါက ဖယ်ထုတ်မည်ဟု ယာယီသမ္မတ သတိပေး

စစ်အာဏာရှင်၏ အမူအကျင့်များ အတွေးအခေါ်များရှိလာပါက ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ခုခံတွန်းလှန်စစ် (၂)နှစ်ပြည့် မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ 

တော်လှန်ရေးကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများကို ယင်းသို့ သတိပေးပြောကြားလိုက်ခြင်းဖြစ်ပြီး စစ်အာဏာရှင်၏ အမူအကျင့်၊ အတွေးအခေါ်နှင့် လုပ်ရပ်များကို မလုပ်ဆောင်မိကြရန် အရေးကြီးသည်ဟုလည်း ပြောသည်။

“တော်လှန်ရေးကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်သူတွေကို ကျွန်တော်အနေနဲ့ အထူးသတိပေးလိုတာက စစ်အာဏာရှင်ကို ဆန့်ကျင်နေပါလျှက်နဲ့ ကျွန်တော်တို့ကိုယ်တိုင်က စစ်အာဏာရှင်ရဲ့ အမူအကျင့်၊ အတွေးအခေါနဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်မိကြဖို့အင်မတန်မှ အရေးကြီးပါတယ်။ ဒီလိုစစ်အာဏာရှင်ရဲ့ အမူအကျင့်တွေ အတွေးအခေါ်တွေရှိလာရင်လည်း ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမှာဖြစ်ပါတယ်။”ဟု  ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ထို့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်များ အောင်မြင်နေခြင်းမှာ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေး၊ နိုင်ငံရေးနှင့် အဘက်ဘက်မှ လက်တွဲကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အတွေ့အကြုံနှင့် စွမ်းရည်များ ပံ့ပိုးဝေမျှမှုများက အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်သည်ဟု ဆိုသည်။

“ဒီကနေ့အချိန်မှာ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မဟာဗျူဟာကျကျ ရင်ဆိုင်တိုက်ခိုက်နေနိုင်တာဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စစ်ရေးလေ့ကျင့်ပေးမှု၊ လက်နက်တပ်ဆင်ပေးမှုတွေကနေရရှိလာတဲ့ တန်ဖိုးတွေပဲဖြစ်ပါတယ်။”ဟု ၎င်းကပြောသည်။

တော်လှန်ရေးပန်းတိုင်မှာ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို အပြီးအပိုင် ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်စနစ် တည်ဆောက်ရေးဖြစ်သဖြင့် ပန်းတိုင်ရောက်ရှိရန် အားလုံးကြောချင်းကပ်၍ အတူတကွ တိုက်ပွဲဝင်သွားကြရန်လည်း တိုက်တွန်းတောင်းဆိုထားသည်။

#TachileikNewsAgency