နာရီပေါင်း (၁၀၀)ကြာ ဆက်တိုက်ငိုပြီး အချိန်အကြာဆုံး အငို စံချိန်တင်ရန် ကြိုးပမ်းသည့်
နာရီပေါင်း (၁၀၀)ကြာ မရပ်မနားတမ်း ဆက်တိုက်ငိုပြီး ကမ္ဘာ့အချိန်အကြာဆုံး အငို စံချိန်တင်ရန် ကြိုးပမ်းခဲ့သည့် နိုင်ဂျီးရီးယား အမျိုးသားတစ်ဦးမှာ နာရီနှင့်ချီကြာ ငိုခဲ့ပြီးနောက် (၄၅) မိနစ်ကြာတွင် ယာယီ မျက်စိကွယ်သွားခဲ့သည်ဟု ဆိုသည်။
နိုင်ဂျီးရီးယားနိုင်ငံမှ တမ်ဘူးဒန်နီရယ် အမည်ရှိ အမျိုးသားက နာရီ (၁၀၀) ကြာ ဆက်တိုက်ငိုပြီး ထူးထူးခြားခြား ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ဂျီးရီးယား အမျိုးသားက ကမ္ဘာ့အချိန်အကြာဆုံး အငိုစံချိန်တင်ရန် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့တွင် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
သို့သော် (၆) နာရီကြာ ဆက်တိုက်ငိုခဲ့ပြီးနောက် ကြိုတင်မခန့်မှန်းထားသော ဘေးထွက်ဆိုးကျိုးအချို့ ကြုံလာရမှုကြောင့် အငိုရပ်ခဲ့ရသည်။
နာရီနှင့်ချီကြာ ဆက်တိုက်ငိုနေခဲ့မှုကြောင့် ဒန်နီရယ်မှာ ခေါင်းကိုက်ခြင်း၊ မျက်လုံးများ မို့အစ်လာပြီး မျက်နှာ ဖူးရောင်လာခဲ့သည်။
သို့သော် စိုးရိမ်စရာ အကောင်းဆုံး လက္ခဏာမှာ (၄၅) မိနစ်ကြာ မျက်စိကွယ်သွားခဲ့ခြင်း ဖြစ်သည်။
နာရီ (၁၀၀) ကြာ မရပ်မနားတမ်း ဆက်တိုက်ငိုမှု မအောင်မြင်ခဲ့သော်လည်း ဒန်နီရယ်မှာ ထူးထူးခြားခြား စံချိန်တင်ရန် ၎င်း၏ ကြိုးပမ်းမှုကြောင့် နိုင်ငံတကာသတင်းများတွင် ဖော်ပြခံရပြီး ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့ကာ လူအများ အာရုံစိုက်မှုကို ရရှိခဲ့သည်။
ထိုအတောအတွင်း ကမ္ဘာ့စံချိန်အဖွဲ့အစည်း Guiness World Records က ၎င်းတို့အနေဖြင့် အချိန်အကြာဆုံး မရပ်မနားတမ်း ဆက်တိုက်ငိုနိုင်မှုအတွက် ကမ္ဘာ့စံချိန်သတ်မှတ်ရန် ဆောင်ရွက်ခဲ့ဖူးခြင်း မရှိကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။
Source: OddityCentral