မြန်မာစစ်အုပ်စု နှင့်  တာလီဘန် စစ်သွေးကြွတို့၏ သံအမတ်များ ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် မရ

မြန်မာစစ်အုပ်စု နှင့်  တာလီဘန် စစ်သွေးကြွတို့၏ သံအမတ်များ ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် မရ
By Mr John

 

မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်အုပ်စုနှင့် အာဖဂန်နစ္စတန်နိုင်ငံကို ပြန်အုပ်ချုပ်နေသည့် တာလီဘန် စစ်သွေးကြွအုပ်စုတို့၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်များကို လက်ခံခြင်းပြု မပြု ဆုံးဖြတ်ချက်အား ဒုတိယအကြိမ် ထပ်မံရွှေ့ဆိုင်းလိုက်ပြီး နောက် (၉) လအကြာတွင် ပြန်သုံးသပ်နိုင်ကြောင်း သက်ဆိုင်ရာ ကုလသမဂ္ဂကော်မတီက ဆုံးဖြတ်လိုက်သည်။

ကော်မတီဆုံးဖြတ်ချက်ကို အဖွဲ့ဝင် (၁၉၃) နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် အတည်ပြုသွားမည် ဖြစ်သည်။ 

ကုလသမဂ္ဂ၏ အရည်အချင်းစစ်ကော်မတီက လစ်ဗျားနိုင်ငံ ကိုယ်စားပြု သံအမတ်ကိစ္စကို ဆုံးဖြတ်ရန်လည်း အလားတူ ရွှေ့ဆိုင်းလိုက်သည်။ 

ကုလသမဂ္ဂ၏ အရည်အချင်းစစ်ကော်မတီတွင် ရုရှား၊ တရုတ်နှင့် အမေရိကန် အပါအဝင် အဖွဲ့ဝင် (၉) နိုင်ငံ ပါဝင်သည်။

ကုလသမဂ္ဂ၏ ယခုရွှေ့ဆိုင်းမှုအရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရ လက်ထက်တွင် ခန့်အပ်ခံရပြီး အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ခဲ့သူ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုသူအဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။ 

မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်အုပ်စုနှင့် အာဖဂန်နစ္စတန်မှ တာလီဘန်အုပ်စုတို့က ၎င်းတို့ကို ဆန့်ကျင်နေသည့် ဒီမိုကရေစီအစိုးရအဖွဲ့များနှင့်အပြိုင် ကုလသမဂ္ဂတွင် သံအမတ်နေရာရရှိပြီး သံတမန်ရေးအရ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိနိုင်ရေး ကြိုးပမ်းနေကြသည်။

ယမန်နှစ် ကုလသမဂ္ဂအထွေထွေညီလာခံက အရည်အချင်းစစ်ကော်မတီ၏ သံအမတ်ကိစ္စ ဆုံးဖြတ်ရန် ရွှေ့ဆိုင်းမှုကို ထောက်ခံအတည်ပြုခဲ့သည်။ 

ကုလသမဂ္ဂ၏ အရည်အချင်းစစ်ကော်မတီက ယခုနှစ်တွင်လည်း ဒီဇင်ဘာလ (၁၂) ရက်နေ့ အစည်းအဝေး၌ မဲခွဲခြင်းမရှိသည့် သဘောတူညီမှုအရ မြန်မာ၊ အာဖဂန်နစ္စတန်နှင့် လစ်ဗျား သံအမတ်များကိစ္စကို ရွှေ့ဆိုင်းထားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီး အာဖဂန်နစ္စတန်တွင်လည်း တာလီဘန်စစ်သွေးကြွအုပ်စုကို တစ်ကျော့ပြန် အာဏာရယူလာခဲ့သည်။ 

တာလီဘန်တို့က အာဖဂန်နစ္စတန်ကို ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ 

မြန်မာစစ်အုပ်စုနှင့် တာလီဘန်စစ်သွေးကြွ နှစ်ဖွဲ့လုံးကို လက်နက်ကိုင်အုပ်ချုပ်နေကြသည့် အာဏာရှင်များအဖြစ် ရှုမြင်ထားကြပြီး ၎င်းတို့ပြည်တွင်းနှင့် ကမ္ဘာ့နိုင်ငံအများစုက ပြည်သူလူထု ရွေးချယ်ထားသော အစိုးရများအဖြစ် အသိအမှတ်မပြုထားကြောင်း သိရသည်။

Source: Reuters