ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် ဗီဇာသက်တမ်း ကျော်လွန်ပြီး (၁၅) နှစ်နီးပါးကြာ နေထိုင်နေသူ အီရတ်အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိသည်။
လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က အသက် (၄၃) နှစ်အရွယ် Oday Jabbar Khudhair ဆိုသူ အီရတ်အမျိုးသားကိုတည်းခိုခန်းတစ်ခု၌ ဖမ်းဆီးခဲ့ကြောင်း ကန်ချနဘူရီ လူဝင်မှုကြီးကြပ်ရေးရုံး အကြီးအကဲက ပြောသည်။
မသင်္ကာဖွယ်ရာ နိုင်ငံခြားသားတစ်ဦးကို တွေ့ရပြီး လူဝင်မှုကြီးကြပ်ရေး ပြစ်မှုတစ်ခုကို ကျူးလွန်ထားသူ ဖြစ်နိုင်ကြောင်း တိုင်ကြားချက်ရှိလာပြီးနောက် ရဲဗိုလ်မှူးကြီး Korn ဦးဆောင်သည့် လူဝင်မှုကြီးကြပ်ရေး ရဲအရာရှိများက တည်ခိုးခန်းသို့ သွားရောက်စစ်ဆေးရာမှ အီရတ်အမျိုးသား Khudhair တွေ့ရှိ၍ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အီရတ်အမျိုးသားက ထိုင်းနိုင်ငံအတွင်း အခြား နေရာတစ်ခုမှ ကန်ချနဘူရီပြည်နယ်တွင် နေထိုင်ရန် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်း၏ ပတ်စ်ပို့စ်ကို စစ်ဆေးခဲ့ရာ ဗီဇာသက်တမ်းမှာ ၂၀၀၈ ခုနှစ် ဩဂုတ်လ (၂၁) ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရသည်။
အီရတ်အမျိုးသား Khudhair ကို ရက်ပေါင်း (၅,၄၆၈) ရက်ကြာ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ရန် ထိန်းသိမ်းထားသည်။
Source: Bangkok Post