ကမ္ဘာ့အကြီးဆုံး သစ်သားမြို့အဖြစ် ဆွီဒင်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Atrium Ljungberg က ဆွီဒင်နိုင်ငံ၏ မြို့တော် စတော့ဟုမ်းမြို့တွင် ၂၀၂၅ခုနှစ်မှစပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
စတော့ဟုမ်းမြို့၏ အရှေ့တောင်ဘက်တွင် တည်ဆောက်သွားမည့် စတော့ဟုမ်းသစ်သားမြို့တွင် ရုံးခန်းနေရာ (၇,၀၀၀) နှင့် နေအိမ် (၂,၀၀၀) ပါဝင်မည်ဖြစ်ပြီး လုပ်ငန်းခွင်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များဖြင့် မြို့ပြဝန်းကျင်တစ်ခုကို ဖန်တီးသွားမည်ဟု ဆိုသည်။
အကျယ်အဝန်း (၂.၇) သန်း စတုရန်းပေ (၂၅၀,၀၀၀ စတုရန်းမီတာ) တွင် တည်ဆောက်သွားမည့် ထိုစီမံကိန်းမှာ ကမ္ဘာ့အကြီးဆုံး သစ်သားဖြင့် ဆောက်လုပ်သည့် ဆောက်လုပ်ရေး လုပ်ငန်းဖြစ်ကြောင်းလည်း ကုမ္ပဏီက ပြောသည်။
ယင်းအပြင် လက်ရှိ ကုမ္ပဏီ (၄၀၀) ကျော် အခြေစိုက်သော Sickla အရပ်တွင် ကမ္ဘာ့အကြီးဆုံး သစ်သားမြို့ကို တည်ဆောက်သွားမည်ဟု Atrium Ljungberg က ဆိုထားပြီး ထိုမြို့ကို "ငါးမိနစ်မြို့" "five-minute city" ဟုလည်း ကုမ္ပဏီက တင်စားခေါ်ဝေါ်ခဲ့ပြီး လုပ်ငန်းခွင်များ၊ အိမ်များ၊ အပန်းဖြေနေရာများ တစ်ခုနှင့်တစ်ခုကြား ငါးမိနစ်ကြာမျှ လမ်းလျှောက်သွားနိုင်သည့် အကွာအဝေးတွင်ရှိမည်ဟု သိရသည်။
သစ်သားအဆောက်အအုံနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေလအတွင်း ဖွင့်လှစ်ခဲ့သည့် စတုရန်းပေ (၄၆၈,၀၀၀) ရှိ ကောလိပ်အဆောက်အအုံမှာ အာရှဒေသတွင်း အကြီးဆုံး သစ်သားအဆောက်အအုံဖြစ်ကြောင်းလည်း သိရသည်။
Source: CNN
Photo: Courtesy Atrium Ljungberg,