အပူပိုင်း မုန်တိုင်း မဝါ (Tropical Storm Mawar) ချဥ်းကပ်လာမှုနှင့်အတူ ဂျပန်နိုင်ငံ၏ နေရာဒေသများတွင် ၂၀၂၃ခုနှစ် ဇွန်လ (၂) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အာဏာပိုင်များက လူဦးရေ (၁) သန်းကျော်ကို ရွှေ့ပြောင်းကြရန် အကြံပြုထားသည်။
မုန်တိုင်းအန္တရာယ်ကြောင့် လေယာဥ်ခရီးစဥ်နှင့် အခြား သယ်ယူပို့ဆောင်ရေးများ ဖျက်သိမ်းခဲ့ပြီး ထောင်နှင့်ချီသည့် နေအိမ်များတွင် လျှပ်စစ်ဓာတ်အားပြတ်တာက်နေကြောင်းလည်း သိရသည်။
ဒေသစံတော်ချိန် ဇွန်လ (၂) ရက်နေ့၏ မွန်းလွဲပိုင်းအထိ စာရင်းများအရ ဂျပန်တောင်ပိုင်း အိုကီနာဝါစီရင်စုတွင် လူတစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး (၇) ဦး အသေးစား ဒဏ်ရာများရခဲ့ကြောင်း မီးသတ်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနက ပြောသည်။
ကနဦးတွင် စူပါတိုင်ဖွန်းမုန်တိုင်းအဆင့် အားကောင်းခဲ့သည့် မဝါ မုန်တိုင်းမှာ ယခု သီတင်းပတ်အစောပိုင်းက ဂူအမ်ကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့သည်။
မုန်တိုင်း ချဥ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံတဝန်း လူဦးရေ (၁.၃) သန်းနီးပါးကို ရွှေ့ပြောင်းကြရန် အကြံပြုထားကြောင်း မီးသတ်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနက ပြောသည်။
ရွှေ့ပြောင်းရန် အကြုံပြုထားသည့် ဒေသခံများအနက် Wakayama စီရင်စုကဲ့သို့ အနောက်ပိုင်း Honshu ကျွန်း၏ နေရာဒေသများတွင် နေထိုင်ကြသူများ အများဆုံး ပါဝင်သည်။
မုန်တိုင်းအန္တရာယ်ကြောင့် ဇွန်လ (၂) ရက် မွန်းလွဲပိုင်းအထိ လေယာဥ်ခရီးစဥ် (၃၀၀) ကျော်နှင့် ကူးတို့သင်္ဘောခရီးစဥ် (၅၂) ခုကို ဖျက်သိမ်းခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။
ထိုအတောအတွင်း အိမ်ထောင်စု (၈,၉၀၀) ခန့်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေရကြောင်းလည်း သိရသည်။
ဂျပန်မိုးလေဝသဌာနက Shikoku နှင့် Honshu ကျွန်းတို့၏ အနောက်ပိုင်း နေရာဒေသများတွင် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
Honshu ကျွန်း အနောက်ပိုင်း နေရာများတွင် ဇွန်လ (၃) ရက်နေ့ နံနက်ပိုင်းအထိ (၂၄) နာရီအတွင်း မိုးရေချိန် (၁၃.၈) လက်မ (၃၅၀ မီလီမီတာ) ရွာသွန်းနိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထားသည်။
#TachileikNewsAgency
Source: Reuters