ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ပွဲစား (၂) ဦး အသတ်ခံရမှု မြန်မာ (၈) ဦးကို ရဲတပ်ဖွဲ့က သံသယဖြင့် ရှာဖွေနေ

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ပွဲစား (၂) ဦး အသတ်ခံရမှု မြန်မာ (၈) ဦးကို ရဲတပ်ဖွဲ့က သံသယဖြင့် ရှာဖွေနေ
By Mr John

 ထိုင်းနိုင်ငံ နွန်သာဘူရီပြည်နယ်တွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ခိုးသွင်းနေသည့် ဂိုဏ်းတစ်ဂိုဏ်းအတွက် ပွဲစားများအဖြစ် လုပ်ကိုင်နေသူ (၂) ဦးကို သတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာ(၈)ဦးကို ထိုင်းရဲတပ်ဖွဲ့က မြန်မာ(၈)ဦးကို သံသယရှိနေပြီး ရှာဖွေနေသည်ဟု သိရသည်။ 

၎င်းတို့ (၂) ဦးမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆမွတ်ပရာကန်ရှိ နေအိမ်တစ်အိမ်ကနေ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

နွန်သာဘူရီပြည်နယ် ဆိုင်နွံခရိုင် အတွင်း ဆွဲငွင်း ကျေးရွာအနီး မြက်ခင်းတစ်ခုတွင် စောင်များဖြင့်ပတ်ထားသည့် အလောင်း (၂) လောင်း တွေ့ရှိရကြောင်း ၂၀၂၃ခုနှစ် ဧပြီလ (၂၈) ရက် ညနေ (၄) နာရီခန့်က သတင်းပေးမှု လက်ခံရရှိပြီးနောက် နယ်မြေခံ ရဲတပ်ဖွဲ့က ထိုနေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။ 

စစ်ဆေးမှုအရ ထိုအလောင်းများမှာ ပျောက်ဆုံးနေသည့် ထိုင်းအမျိုးသား (၂) ဦးဖြစ်ပြီး အသက်(၂၄)နှစ်ရှိ Phanphisit Sukdolphat  နှင့် အသက်(၂၃)နှစ်ရှိ  Mongkhol Isamanတို့ ဖြစ်ကြောင်း သိရသည်။



Phanphisit ၏ ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာများနှင့် ဦးခေါင်းဒဏ်ရာများလည်း တွေ့ရသလို  Mongkhol တွင်မူ နောက်ကျောဘက်၌ ဓားဒဏ်ရာများ တွေ့ခဲ့ရကြောင်း နှင့် ၎င်းတို့၏ လက်နှင့် ခြေထောက်များကို လျှပ်စစ်ဝါယာကြိုးဖြင့် တုပ်နှောင်ထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ 

၎င်းတို့ ပျောက်ဆုံးနေကြောင်း ဆွေမျိုးများက လူပျောက်မှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း ဆမွတ်ပရာကန်ရှိ Bang Kaew ရဲစခန်းမှ စခန်းမှူး ရဲဗိုလ်မှူးကြီး Mongkhol Onkaew က ဧပြီလ (၂၈) ရက်နေ့တွင် ပြောသည်။

ဆွေမျိုးများ၏ ပြောကြားမှုအရ Phanphisit နှင့် Mongkhol တို့ကို ဧပြီလ (၂၁) ရက်နေ့က Bang Phil ခရိုင်ရှိ နေအိမ်ကနေ ပျောက်ဆုံးသွားပြီးကတည်းက မတွေ့ရတော့ဟု ဆိုသည်။ 

ရဲတပ်ဖွဲ့က ထိုနေအိမ်ကို စစ်ဆေးခဲ့ရာ နံရံများပေါ်တွင် သွေးစွန်းနေသည်ကို တွေ့ရသည်။ 

နေအိမ်၏ အိပ်ခန်းတစ်ခန်းအတွင်း၌လည်း သွေးစွန်းနေသည့် အဝတ်အထည်များနှင့် ၎င်းတို့ (၂) ဦး၏ ပစ္စည်းများကို ပလတ်စတစ်အိတ်တစ်လုံးထဲတွင် တွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

နေအိမ်တွင် တပ်ဆင်ထားသည့် CCTV များကို ဖျက်ဆီးထားပြီး ဝါယာကြိုးများကို ဖြတ်တောက်ထားသည်။

ဧပြီလ (၂၁) ရက်နေ့၏ ညပိုင်းက ထိုနေအိမ်မှ အသက်ချမ်းသာပေးရန် တောင်းပန်နေသည့် အသံများကို ကြားခဲ့ရကြောင်း အိမ်နီးနားချင်းများက ရဲတပ်ဖွဲ့ကို ပြောခဲ့ကြသည်ဟု ဆိုသည်။ 

Phanphisit ၏ ချစ်သူ Wanatpreeya Prathumthong ၏ ပြောကြားမှုအရ သူမ၏ချစ်သူနှင့် သူငယ်ချင်းတို့က မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနှင့် မလေးရှားတွင် အလုပ်လုပ်ရန် ခိုးသွင်းနေသည့် မလေးရှားမျိုးသားနှင့် ၎င်း၏ ဇနီး ထိုင်းအမျိုးသမီးတို့အတွက် အလုပ်အလုပ်နေကြကြောင်း သိရသည်။

သူမ၏ချစ်သူက မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသော ရွှေ့ပြောင်းအလုပ်သမားများကို တာဝန်ယူရပြီး ဆမွတ်ပရာကန်ပြည်နယ် King Kaew ဧရိယာရှိ နေအိမ်သို့ ၎င်းတို့ကို ခေါ်ဆောင်လာကာ ကျွေးမွေးစောင့်ရှောက်ထားရကြောင်း Wanatpreeya က‌ ပြောသည်။ 

Phanphisit က ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအတွက် ဘတ် (၃၀၀) ရရှိကြောင်းလည်း သူမ ဆိုသည်။ 

Phanphisit နှင့် Mongkhol တို့က ထိုအလုပ်ကို လုပ်နေသည်မှာ (၃) လ သို့မဟုတ် (၄) လကြာပြီဖြစ်ကြောင်း သိရသည်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ Phanphisit နှင့် Mongkhol တို့ အသတ်ခံရမှုတွင် မြန်မာနိုင်ငံမှ အမျိုးသား (၈) ဦး ပါဝင်ပတ်သက်နေသည်ဟု ရဲတပ်ဖွဲ့က သံသယရှိကြောင်း သိရသည်။ 

၎င်းတို့အုပ်စုက အလောင်းများကို ကားတစ်စီးထဲထည့်ပြီး နွန်သာဘူရီတွင် လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲဗိုလ်မှူးကြီး Mongkhol က ဆိုသည်။ 

စုံစမ်းစစ်ဆေးမှုအရ အဆိုပါ သံသယရှိသူ (၈) ဦးမှာ မလေးရှားအမျိုးသားက ခေါင်းဆောင်ဖြစ်သည့် လူမှောင်ခိုသွင်းသောဂိုဏ်း၏ အဖွဲ့ဝင်များဖြစ်ကြောင်းလည်း တွေ့ရှိရသည်။

ဂိုဏ်းခေါင်းဆောင်ဖြစ်သူ မလေးရှားအမျိုးသားက မလေးရှားတွင် နေထိုင်ပြီး Nuanchan အမည်ရှိ ၎င်း၏ဇနီး ထိုင်းအမျိုးသမီးက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားနိုင်ငံအတွင်းသို့ ခိုးသွင်းရန် အခြား ပွဲစားများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

ယခု လူသတ်မှုတွင် သံသယရှိသူ မြန်မာ (၈) ဦးမှာ ထိုင်းနိုင်ငံမှ ထွက်ပြေးသွားပြီဟု ရဲတပ်ဖွဲ့က ယူဆထားသော်လည်း ၎င်းတို့ကို ရှာဖွေဖမ်းဆီးရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

 

Source: Bangkok Post