ကနေဒါနိုင်ငံကို အလွန်အန္တရာယ်ရှိသည့် ဟာရီကိန်းမုန်တိုင်း ဝင်မည်

ကနေဒါနိုင်ငံကို အလွန်အန္တရာယ်ရှိသည့် ဟာရီကိန်းမုန်တိုင်း ဝင်မည်
စက်တင်ဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဘာမူဒါနိုင်ငံကို စက်တင်ဘာလ (၂၃) ရက်နေ့ နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်း ဖီအိုနာ (Hurricane Fiona) က ကနေဒါနိုင်ငံ အတ္တလန္တိတ်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနေကြောင်း သိရသည်။ 

ကနေဒါအာဏာပိုင်များက နိုင်ငံအရှေ့ပိုင်း ပြည်နယ်များရှိ ဒေသခံများကို ကမ်းရိုးတန်းဒေသ ရေကြီးမှုနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုအတွက် ကြိုတင်ပြင်ဆင်ကြရန် တိုက်တွန်းထားသည်။

ဟာရီကိန်းဖီအိုနာက ကနေဒါကမ်းရိုးတန်းကို စက်တင်ဘာလ (၂၄) ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။ 

ထိုအတောအတွင်း ကာရေဘီယန် ပင်လယ်ပြင်တွင် သီးခြား အပူပိုင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေရာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာလည်း ဟာရီကိန်းမုန်တိုင်း ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်။

အပူပိုင်းလေဖိအားနည်းရပ်ဝန်း Nine က မုန်တိုင်းဖြစ်လာမည့် အစောပိုင်းအဆင့်တွင်ရှိနေပြီး ၎င်း၏လမ်းကြောင်းမှာ လာမည့် သီတင်းပတ်အတွင်း ဟာရီကိန်းဟာမင်နီ (Hurricane Hermine) အဖြစ် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ ဦးတည်ရွေ့လျားမည်ဟု National Hurricane Center က ပြောသည်။

ဟာရိကိန်းဖီအိုနာမှာမူ လက်ရှိတွင် Category 3 အဆင့် မုန်တိုင်းအဖြစ် တိုက်ခတ်နေသည်။ 

ထိုမုန်တိုင်းက ယခုသီတင်းပတ်အစောပိုင်း ပွာတိုရီကိုနိုင်ငံနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတို့တွင် ဖြတ်သန်းတိုက်ခတ်ခဲ့ရာ အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပြီး လူအများအပြား လျှပ်စစ်ဓာတ်အားနှင့် ရေပြတ်တောက်နေဆဲဟု ဆိုသည်။

ကာရေဘီယန်ဒေသတစ်လျှောက် ဟာရီကိန်းဖီအိုနာ ဖြတ်သန်းတိုက်ခတ်မှုအတွင်း Guadeloupe တွင် တစ်ဦး၊ ပွာတိုရီကိုတွင် (၂) ဦးနှင့် ဒိုမီနီကန်တွင် (၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ဘာမူဒါနိုင်ငံတွင် ဟာရီကိန်းအန္တရာယ်ရှိမှုကြောင့် ကျောင်းနှင့်ရုံးများကို ပိတ်ထားခဲ့ရသည်။ 

National Hurricane Center ၏ ထုတ်ပြန်ချက်အရ ဟာရီကိန်းဖီအိုနာ၏ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၁၃၀) အထိ အားကောင်းပြင်းထန်နိုင်ကြောင်း သိရသည်။

ကနေဒါအစိုးရတာဝန်ရှိသူများနှင့် မိုးလေဝသပညာရှင်များက ဟာရီကိန်းဖီအိုနာ ဖြတ်သန်းတိုက်ခတ်မည့် အတ္တလန္တိတ်ကမ်းရိုးတန်း ပြည်နယ်များဖြစ်သော Nova Scotia, Prince Edward Island နှင့်  Newfoundland တို့ရှိ ဒေသခံများကို ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။ 

ထိုဒေသတွင် မိုးရေချိန် (၆) လက်မမှ (၁၀) လက်မအထိ ရွာသွန်းနိုင်ပြီး ရုတ်တရက် ရေကြီးမှုအန္တရာယ် မြင့်မားကြောင်း သိရသည်။

Nova Scotia ပြည်နယ်ရှိ Halifax မြို့နှင့် Cape Breton ကျွန်းတွင် မုန်တိုင်းမဝင်မီ ဒေသခံများ ဒေသခံများ ခိုလှုံနေထိုင်ရန် ယာယီ ခိုလှုံရေးစခန်းများ ပြင်ဆင်ထားသည်။ 

"Nova Scotia နေထိုင်သူတိုင်း ကြိုတင်ပြင်ဆင်ထားသင့်တယ်" ဟု ပြည်နယ်ဆိုင်ရာ အရေးပေါ် ကြိုတင်ပြင်ဆင်မှုအတွက် တာဝန်ရှိသူ ဝန်ကြီး John Lohr က စက်တင်ဘာလ (၂၂) ရက်နေ့တွင် ပြောသည်။ 

ဟာရီကိန်းဖီအိုနာမှာ အလွန်အန္တရာယ်ရှိကြောင်းလည်း ၎င်းကဆိုသည်။

"မုန်တိုင်းကြောင့် ပြင်းထန်ပြီး ပျက်စီးမှုများတဲ့ လေပြင်းတိုက်မှုတွေ၊ အလွန်မြင့်မားတဲ့ လှိုင်းလုံးတွေနဲ့ ကမ်းရိုးတန်းတစ်လျှောက် မုန်တိုင်းဒီရေတွေ၊ သည်းထန်းပြီး အန္တရာယ်ရှိတဲ့ မိုးရွာသွန်းမှုတွေနဲ့ အချိန်ကြာရှည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်" ဟု John Lohr က ပြောသည်။ 

ကနေဒါနိုင်ငံတွင် အားကောင်းပြင်းထန်သည့် ဟာရီကိန်းမုန်တိုင်းများ တိုက်ခတ်မှု ရှားပါးပြီး မုန်တိုင်းများမှာ မြောက်ပိုင်းရှိ အေးသည့်ရေပြင်နှင့် ထိတွေ့ပြီးနောက် အားလျော့သွားကြောင်း သိရသည်။

သို့သော် ယခု ဟာရီကိန်းဖီအိုနာ ဖြတ်သန်းတိုက်ခတ်စဥ် ဒေသတွင်း လေဖိအားမှာ လျော့နည်းနေမည်ဟု ခန့်မှန်းထားပြီး ပိုမိုအားကောင်းသည့် မုန်တိုင်းဖြစ်လာစေမည်ဟု ဆိုသည်။ 

ကနေဒါနိုင်ငံ Nova Scotia ပြည်နယ်ကို ၂၀၀၃ ခုနှစ်တွင် နောက်ဆုံးအကြိမ် မုန်တိုင်းတိုက်ခတ်မှုအဖြစ် Category 2 အဆင့်ရှိ ဟာရီကန်းဂျူအန် (Hurricane Juan) ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး လူ (၂) ဦး သေဆုံးခဲ့ကာ အဆောက်အအုံနှင့် အပင်များ ကြီးမားစွာ ပျက်စီးခဲ့သည်။

#TachileikNewsAgency

Source: BBC, Reuters

Photo: REUTERS/Ingrid Bulmer, REUTERS/Nicola Muirhead