ရာသီဥတုပြောင်းလဲမှုနှင့် ကြိုတင်မျှော်မှန်းထားသည့် အယ်လ်နီညို (El Nino) ရာသီဥတုဖြစ်စဥ်တို့ကြောင့် ၂၀၂၃ ခုနှစ် သို့မဟုတ် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတဝန်း ပျမ်းမျှအပူချိန်စံချိန်သစ်ကို ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။
ရာသီဥတုပုံစံများအရ ပစိဖိတ်သမုဒ္ဒရာတွင် လာနီညာ (La Nina) ရာသီဥတုဖြစ်စဥ် (၃) နှစ်ကြာပြီးနောက် အယ်လ်နီညိုဖြစ်စဥ်ကို ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ပြန်လည်ကြုံတွေ့ရမည် ဖြစ်သည်။
လာနီညာမှာ ယေဘုယျအားဖြင့် ကမ္ဘာတဝန်း အပူချိန်ကို အနည်းငယ် လျော့ကျစေပြီး အယ်နီညိုမှာ ပိုမိုပူပြင်းမှုကို ဖြစ်စေနိုင်သည်။
အယ်လ်နီညိုဖြစ်စဥ်အတွင်း အီကွေမျဥ်းတစ်လျှောက် အနောက်ဘက်သို့ တိုက်ခတ်နေသော လေများ အရှိန်လျော့ကျလာပြီး ပူနွေးသော ရေပြင်ကို အရှေ့ဘက်သို့ တွန်းပို့ခြင်းဖြင့် သမုဒ္ဒရာရေမျက်ပြင် အပူချိန်များ ပိုမိုမြင့်တက်လာသည်ဟု ဆိုသည်။
"အယ်လ်နီညိုက ပုံမှန်အားဖြင့် ကမ္ဘာတဝန်းမှာ စံချိန်တင် အပူချိန်တွေ ဖြစ်ပေါ်စေတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာ ဖြစ်လာမလား ဒါမှမဟုတ် ၂၀၂၄ ခုနှစ်မှာ ဖြစ်လာမလားဆိုတာ မသိရသေးပေမဲ့ စံချိန်တင် အပူချိန်တွေကတော့ ဖြစ်ပေါ်မှာပဲလို့ ထင်တယ်" ဟု ဥရောပသမဂ္ဂ၏ Copernicus Climate Change Service ၏ ညွှန်ကြားရေးမှူး Carlo Buontempo က ပြောသည်။
ရာသီဥတုပုံစံများအရ နွေရာသီကာလ နှောင်းပိုင်းတွင် အယ်လ်နီညိုဖြစ်စဥ် ပြန်လည်ကြုံတွေ့ရမည်ဟု ယူဆထားပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုဖြစ်စဥ်တစ်ခု ဖြစ်နိုင်ခြေရှိကြောင်း ၎င်းကဆိုသည်။
အယ်လ်နီညိုဖြစ်စဥ် မရှိသည့်နှစ်များ၌ပင် ရာသီဥတုပြောင်းလဲမှုကြောင့် ပြင်းထန်သည့် အပူချိန်များကို ဖြစ်ပေါ်စေခဲ့သည်။
အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်မှုက ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့နိုင်ငံများတွင် ကြုံတွေ့နေကြရသည့် ပြင်းထန်သည့် အပူလှိုင်းများ၊ မိုးခေါင်မှုနှင့် တောမီးလောင်မှုကဲ့သို့ သက်ရောက်မှုများ ပိုမိုဆိုးရွားစေနိုင်ကြောင်း Imperial College London ၏ Grantham Institute မှ အကြီးတန်းကထိက Friederike Otto က ပြောသည်။
"တကယ်လို့ အယ်လ်နီညို ဖြစ်လာရင် ၂၀၂၃ ခုနှစ်က ၂၀၁၆ ခုနှစ်ထက်တောင် ပိုမိုပူပြင်းတဲ့နှစ်ဖြစ်လာဖို့ အခြေအနေရှိပါတယ်။ လူတွေက ရုပ်ကြွင်းလောင်စာတွေကို ဆက်ရှို့နေကြတော့ ကမ္ဘာကြီးက ဆက်လက်ပူနွေးလာနေတယ်လို့ သုံးသပ်မိပါတယ်" ဟု Otto က ဆိုသည်။
ဥရောပသမဂ္ဂ၏ Copernicus Climate Change Service မှ သိပ္ပံပညာရှင်များက ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတဝန်း ကြုံခဲ့ရသည့် ရာသီဥတုဖြစ်စဥ် လွန်ကဲပြင်းထန်မှုများကို အကဲဖြတ်ထားသည့် အစီရင်ခံစာတစ်စောင် ဧပြီလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်အတွင်း ဥရောပတွင် အပူဆုံး နွေရာသီကို ကြုံခဲ့ရစဥ် ရာသီဥတုပြောင်းလဲမှုကြောင့် အလွန်အမင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပါကစ္စတန်နိုင်ငံတွင် လူပေါင်းထောင်နှင့်ချီ သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု များစွာဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများ ကြုံခဲ့ရသည်။
ဆက်စပ်သတင်းအရ ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတို့တွင် အဆိုးရွားဆုံး အပူချိန်ကို ရင်ဆိုင်နေကြရပြီး အပူချိန်များ ဆက်လက်တိုးလာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သမိုင်းတစ်လျှောက် အပူဆုံးကာလကို ရင်ဆိုင်နေရပြီး အပူချိန်များ ဆက်တိုးလာနေသည်။
ဧပြီလအတွင်း မြန်မာနိုင်ငံတွင် အမြင့်ဆုံး အပူချိန် (၄၃.၃) ဒီဂရီဆဲလ်စီးယပ်ဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံက အပူချိန် (၄၅.၄) ဒီဂရီဆဲလ်စီးယပ်ဖြင့် အပူဆုံး မှတ်တမ်းဝင်ခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းက ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှာ အပူချိန် အမြင့်ဆုံး ဒေသများဖြစ်ကြောင်း သိရသည်။
Source: Reuters