အိမ်နီးချင်းနိုင်ငံများအနေဖြင့် လေပိုင်နက်များအား စစ်ကောင်စီကို အသုံးပြုခွင့်မပြုရန် NUG တောင်းဆို

အိမ်နီးချင်းနိုင်ငံများအနေဖြင့် လေပိုင်နက်များအား စစ်ကောင်စီကို အသုံးပြုခွင့်မပြုရန် NUG တောင်းဆို
By Tachileik News Agency

မြန်မာ့အိမ်နီးချင်းနိုင်ငံများအနေဖြင့် လေပိုင်နက်များအား အာဏာသိမ်းစစ်ကောင်စီကို အသုံးပြုခွင့်မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။

အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့များတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်တည်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Camp Victoria ကို လေကြောင်းတိုက်ခိုက်ရာတွင် အိန္ဒိယလေပိုင်နက်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး၏ ဗစ်တိုးရီးယားစခန်းကို တိုက်ခိုက်မှုအတွင်း လူနေအိမ် (၃) လုံးနှင့် ဒေသန္တရ ဆေးကုသဆောင် တစ်ဆောင်အပါအဝင်  အရပ်သားအခြေခံအဆောက်အအုံများအပြင် အရပ်သားထိခိုက်မှုများပါရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်အသုံးချခဲ့သည့်အပြင်  ဗုံးကြဲတိုက်ခိုက်မှုများသည် အိန္ဒိယပိုင်နက်အတွင်းသို့ပင် ကျရောက်ခဲ့ကြောင်း သိရသည်။  

မြန်မာစစ်အုပ်စုသည် တော်လှန်ရေးအဖွဲ့များအားတိုက်ခိုက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်များကို ကျူးကျော်အသုံးပြုလေ့ရှိပြီး အိန္ဒိယအပြင် ထိုင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်လေပိုင်နက်များကိုလည်း အသုံးပြုတိုက်ခိုက်ခဲ့ဖူးသည်ကို တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရက အိမ်နီးချင်းနိုင်ငံများအား တောင်းဆိုမှုသည် အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အအုံများကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်ရှုံ့ချထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် - ၂၆၆၉ အရဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်အရ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို ချက်ချင်းရပ်တန့်ရန်၊ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေခြင်းကို တားဆီးဟန့်တားရန် တောင်းဆိုသည့် အချက်များလည်း ပါဝင်သည်ဟု သိရသည်။