မိမိ၏သွေးဖြင့် ပန်းချီကားများ ရေးဆွဲဖန်တီးနေသည့် ဖိလစ်ပိုင်ပန်းချီဆရာ

မိမိ၏သွေးဖြင့် ပန်းချီကားများ ရေးဆွဲဖန်တီးနေသည့် ဖိလစ်ပိုင်ပန်းချီဆရာ
ဒီဇင်ဘာ 17, 2022 | နိုင်ငံတကာသတင်း
By Mr John

ဖိလစ်ပိုင်နိုင်ငံမှ ပန်းချီဆရာ အီလစ်တိုဆာကာ (Elito Circa) မှာ ၎င်း၏လက်တွင် သွေးစွန်းနေသူတစ်ဦးဟု ဆိုနိုင်သည်။ 

သို့သော် ဆာကာက ပန်းချီအနုပညာ ဖန်တီးရန်သာ လက်တွင်သွေးစွန်းသူ ဖြစ်သည်။ 

အသက် (၅၂) နှစ်အရွယ် ဆာကာက ၎င်း၏ သွေးကိုထုတ်ယူပြီး ပန်းချီဆေးအဖြစ်သုံးကာ ပန်းချီကားများ ရေးဆွဲနေသည်။

ပန်းချီဆရာဆာကာမှာ ၎င်း၏ ပုံမှန်မဟုတ်သည့် ပန်းချီရေးဆွဲမှုပုံစံကြောင့် ချီးမွမ်းမှုနှင့် ဝေဖန်မှု နှစ်မျိုးလုံးကို ကြုံရသည်ဟု ဆိုသည်။ 

ဝင်ငွေနိမ့်ပါးသည့် မိသားစုမှ မွေးဖွားလာသူ ဆာကာမှာ ငယ်စဥ်ကတည်းက ကျောင်းတက်ရန် အထောက်အပံ့နှင့် ဝါသနာပါသည့် ပန်းချီရေးဆွဲရန်အတွက် ပန်းချီပစ္စည်းများ အနည်းငယ်မျှကိုသာ တတ်နိုင်သူ ဖြစ်ခဲ့သည်။

ဆာကာက မက်မန်းသီးနှင့် ခရမ်းချဥ်းသီးကဲ့သို့ အရောင်ရှိသော အသီးများကိုသုံးပြီး ပန်းချီလက်ရာများ ရေးဆွဲဖန်တီးရန် စူးစမ်းလေ့လာခဲ့ဖူးသော်လည်း လူငယ်ဘဝတွင် ကိုယ့်ကိုယ်ကိုယ် ခြစ်ကုတ်ပြီး ထွက်လာသည့်သွေးကို ပန်းချီးဆေးအဖြစ် အသုံးပြုရသည်ကို စတင်စွဲလမ်းနှစ်သက်လာခဲ့သည်ဟု ဆိုသည်။ 

"ကျွန်တော် ခြစ်ကုတ်မိတဲ့အခါတိုင်း သွေးအစွန်းအထင်းက ဖယ်ရှားရခက်တာကြောင့် ကျွန်တော့်ရဲ့သွေးကို အသုံးပြုခဲ့တယ်" ဟု ဆာကာက ၎င်း၏သွေးထဲတွင် ပန်းချီစုတ်တံကိုနှစ်လိုက်ပြီးနောက် အဖြူရောင်ကင်းဗတ်စပေါ်တွင် ပန်းချီရေးဆွဲရင်း ပြောခဲ့သည်။

ယခုအခါ ဆာကာက ၎င်းနေထိုင်ရာမြို့၏ ဆေးခန်းသို့ (၃) လ တစ်ကြိမ်သွားရောက်ပြီး ၎င်း၏သွေးကို ထုတ်ယူလေ့ရှိသည်။ သွေးတစ်ကြိမ်ထုတ်ယူလျှင် ပုံမှန်အားဖြင့် (၅၀၀) မီလီလီတာ (၁၇ အောင်စ) ရရှိလေ့ရှိပြီး ထိုသွေးများကို နောက်ရေးဆွဲမည့် ပန်းချီကားများအတွက် ၎င်း၏ အလုပ်ခန်းအတွင်း ရေခဲဘူးထဲတွင် ထည့်သိမ်းထားသည်ဟု ဆိုသည်။

"ကျွန်တော့် အနုပညာလက်ရာက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေက ကျွန်တော့်ဆီက လာတာပါ။ ကျွန်တော့်သွေးထဲကနေ လာတာပါ။ ကျွန်တော့် ဗီဇ DNA က အနုပညာလက်ရာရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ကျွန်တော့် ခံယူချက်ကတော့ ဘဝဆိုတာ စက်ဝိုင်းပုံစံဖြစ်ပြီး အားလုံးက သံသရာလည်နေတာပါပဲ။ ဒီတော့ ကျွန်တော့်သွေးက ကျွန်တော် ဘယ်ကလာခဲ့တယ်ဆိုတာ အမှတ်ရစေမယ့် အရာတစ်ခုပါ" ဟု ပန်းချီဆရာဆာကာက ပြောသည်။

 

၎င်း နေထိုင်ကြီးပြင်းခဲ့ရာ Pantabangan မြို့လေး၏ သမိုင်းကိုဖော်ကျူးထားသည့် (၄) ပေ x (၈) ပေ အရွယ်အစားရှိ နံရံဆေးရေးပန်းချီကို ရေးဆွဲခဲ့ပြီးနောက် ဆာကာက လာမည့် ၂၀၂၃ ခုနှစ်တွင် (၃၂၈) ပေရှိ ကင်းဗတ်စပေါ်တွင် သွေးဖြင့်ရေးဆွဲသည့် အကြီးဆုံး ပန်းချီကားတစ်ချပ်ကို ဖန်တီးရေးဆွဲပြီး ကမ္ဘာ့စံချိန်တင်ရန် ရည်မှန်းချက်ကြီးရှိထားကြောင်း သိရသည်။

Source: Reuters

Photo: REUTERS/Eloisa Lopez,