ထိုင်းခရီးသွားလုပ်ငန်းတွင် (၂၅) နှစ်ကြာ ခရီးသွားများ တက်စီးခဲ့ခြင်းကြောင့် ခန္ဓာကိုယ် ယိုယွင်းပျက်စီးသွားသည့် ဆင်တစ်ကောင်၏ ပုံကို ကယ်ဆယ်ရေးအဖွဲ့က ဖော်ပြ

ထိုင်းခရီးသွားလုပ်ငန်းတွင် (၂၅) နှစ်ကြာ ခရီးသွားများ တက်စီးခဲ့ခြင်းကြောင့် ခန္ဓာကိုယ် ယိုယွင်းပျက်စီးသွားသည့် ဆင်တစ်ကောင်၏ ပုံကို ကယ်ဆယ်ရေးအဖွဲ့က ဖော်ပြ
By Mr John

 ထိုင်းနိုင်ငံရှိ တောရိုင်းတိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ခရီးသွားလုပ်ငန်းတွင် နှစ်ကာလရှည်ကြာ အခိုင်းခံခဲ့ရသည့် ဆင်တစ်ကောင်၏ ဓာတ်ပုံတစ်ပုံကို ထုတ်ပြန်ဖော်ပြခဲ့ရာ မြင်တွေ့ရသည့် တိရိစ္ဆာန်ချစ်သူများအတွက် ဝမ်းနည်းတုန်လှုပ်စရာ ဖြစ်ခဲ့ကြရသည်။ 

ဆင်များမှာ အရွယ်အစားနှင့် အင်အားကြီးမားသည့် တိရစ္ဆာန်ဟု သိထားကြသော်လည်း ၎င်းတို့၏ကျောပေါ်တွင် တက်စီးကြသည့် ခရီးသွားများကြောင့် ကြီးမားသည့် နာကျင်မှုကို ဖြစ်စေနိုင်သည်။

Wildlife Friends Foundation in Thailand (WFFT) အဖွဲ့က ဆင်များ၏ နာကျင်ခံစားရမှုကို သက်သေပြမှုအဖြစ် အသက် (၇၁) နှစ်အရွယ် ဆင်မကြီး Pai Lin ၏ ဓာတ်ပုံကို ဖော်ပြခဲ့သည်။ 

ထိုဆင်မကြီးမှာ ထိုင်းခရီးသွားလုပ်ငန်းတွင် (၂၅) နှစ်ကြာ အလုပ် လုပ်ခဲ့ရပြီးနောက် ၎င်း၏ ကျောရိုးမှာ ရုပ်ပျက်ဆင်းပျက် ထိခိုက်ပျက်စီးသွားခဲ့သည်ကို ဓာတ်ပုံတွင် အထင်းသား မြင်တွေ့ရသည်။

ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ရစဥ်က ဆင်မကြီး Pai Lin မှာ တစ်ကြိမ်လျှင် ခရီးသွား (၆) ဦးကို ကျောပေါ်တင်ဆောင် သွားလာခဲ့ရသည်ဟု ဆိုသည်။ 

Pai Lin ၏ကျောတွင် ဖိအားဒဏ်ကြောင့် အနာရွတ်များ ထင်ကျန်နေဆဲဖြစ်ကြောင်း WFFT အဖွဲ့က ပြောသည်။ 

ဆင်များ၏ ခန္ဓာကိုယ်ပေါ်ကို ဆက်တိုက် ဖိအားသက်ရောက်ခြင်းက ၎င်းတို့၏ ကျောပေါ်ရှိ အသားနှင့် အရိုးများကို ယိုယွင်းပျက်စီးစေပြီး ကျောရိုးတွင် ပြန်လည်ကုစား၍ မရနိုင်သော ထိခိုက်ပျက်စီးမှု ဖြစ်စေကြောင်း WFFT အဖွဲ့က ရှင်းပြသည်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် ဆင်စီးခြင်းမှာ ခရီးသွားများ အကြိုက်တွေ့ကြသည့် အတွေ့အကြုံတစ်ခု ဖြစ်နေသည်။ 

သို့သော် ထိုအလေ့အထမှာ တိရစ္ဆာန်ညှဥ်းပန်းနှိပ်စက် ပုံစံတစ်ခုဖြစ်ကြောင်းနှင့် ဆင်များ၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ စီးနင်းရန်အတွက် မဟုတ်ကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။ 

ဆင်များမှာ မကြာခဏ မတရား အခိုင်းခံကြရပြီး တောင်တက်ခြင်းနှင့် သစ်လုံးထုတ်လုပ်ခြင်းကဲ့သို့ အခြား လုပ်ငန်းများတွင်လည်း အသုံးချခံနေကြရသည်။ 

ဆင်အများအပြားမှာ ပင်ပန်းမှုနှင့် အာဟာရချို့တဲ့မှုကြောင့်‌ သေဆုံးနေကြပြီး သေသည်အထိ အလုပ်လုပ်ကြရသည်ဟု ဆိုသည်။

"Pai Lin က ထိုင်းခရီးသွားလုပ်ငန်းမှာ အလုပ်လုပ်ခဲ့ရပြီးနောက် ကျွန်တော်တို့ဆီကို ၂၀၀၆ ခုနှစ်မှာ ရောက်လာခဲ့တယ်။ Pai Lin က သွားလာရာမှာ အရမ်းနှေးနေပြီး အမြဲတမ်း နာကျင်နေတော့ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ ဒါကြောင့် သူရဲ့ အရင်ပိုင်ရှင်က သူမကို စွန်လွှတ်ခဲ့တယ်" ဟု WFFT ဒါရိုက်တာနှင့် တည်ထောင်သူ Edwin Wiek က CNN ကို ပြောသည်။ 

ဘန်ကောက်မြို့တွင်းကနေ  (၂) နာရီခွဲခန့်ကြာ ကားမောင်းသွားရသည့် Hua Hin မြို့အနီးရှိ WFFT ၏ ဆင်ကယ်ဆယ်ရေးစခန်းတွင် Pai Lin နှင့်အတူ အခြား ဆင် (၂၄) ကောင်ကို ကယ်ဆယ်စောင့်ရှောက်ထားကြောင်း သိရသည်။

Source: CNN

Photo: Amy Jones/Moving Animals/WFFT