ရုရှားဒုံးကျည် ပိုလန်နိုင်ငံအတွင်း ကျရောက်မှုကြောင့် လူ (၂) ဦး သေဆုံးခဲ့ 

ရုရှားဒုံးကျည် ပိုလန်နိုင်ငံအတွင်း ကျရောက်မှုကြောင့် လူ (၂) ဦး သေဆုံးခဲ့ 
နိုဝင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားနိုင်ငံလုပ် ဒုံးကျည်တစ်စင်း ယူကရိန်းနိုင်ငံနှင့် နယ်စပ်အနီး ပိုလန်နိုင်ငံ အရှေ့ပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူ (၂) ဦး သေဆုံးခဲ့ကြောင်း NATO စစ်ရေးမဟာမိတ်အုပ်စု အဖွဲ့ဝင် ပိုလန်က နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ပြောကြားပြီး ထိုဖြစ်ရပ်အတွက် ရှင်းလင်းချက်ပေးရန် ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။ 

ရုရှားဘက်ကမူ တာဝန်မရှိကြောင်း ငြင်းဆိုခဲ့သည်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ (၁၅) ရက်နေ့၏ မွန်းလွဲပိုင်းက ယူကရိန်းနှင့်နယ်စပ်မှ (၃) မိုင်ခွဲခန့်အကွာ ပိုလန်အရှေ့ပိုင်း Przewodow ကျေးရွာကို ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး လူ (၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ဂျုံပြောင်းကဲ့သို့ အစေ့အဆန် အခြောက်ခံစက်ရုံကို ဒုံးကျည်ထိမှန်ခဲ့သည်ဟု မီဒီယာများက သတင်းဖော်ပြသည်။

ပိုလန်၏ ထုတ်ပြန်ချက်တွင် ရုရှားဒုံးကျည်က ဒေသစံတော်ချိန် မွန်းလွဲ (၃) နာရီ (၄၀) မိနစ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း အသေးစိတ် ဖော်ပြထားသော်လည်း  ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ရုရှားဒုံးကျည်က ပိုလန်ပိုင်နက်ကို ထိမှန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး ထိုသတင်းများက အခြေအနေကို အရှိန်ပိုမြင့်ရန် ရည်ရွယ်ထားသည့် တမင်ရန်စမှုဖြစ်ကြောင်း တုံ့ပြန်ငြင်းဆိုခဲ့သည်။



အမေရိကန်နှင့် အနောက်အုပ်စု မဟာမိတ်များက ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် လမ်းကြောင်းလွှဲသွားသည့် ရုရှားဒုံးကျည်က ပိုလန်နိုင်ငံ၏ ကျေးရွာကို ထိမှန်ခဲ့ကြောင်း အတည်မပြုနိုင်ဟု ဆိုသည်။

ရုရှားက ပိုလန်ကို တိုက်ခိုက်ခြင်းမှာ ရုရှားနှင့် ယူကရိန်းတို့ကြား စစ်ပွဲကို ပိုမိုကျယ်ပြန့်လာစေနိုင်သည်။

နေတိုး  ( North Atlantic Treaty Organization  - NATO  )စစ်ရေးမဟာမိတ်အုပ်စု အဖွဲ့ဝင်နိုင်ငံများက စုပေါင်းကာကွယ်သွားရန် ကတိပြုထားကြသည်။ 

ဖေဖေါ်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်မှုနှင့်အတူ ယခုလက်ရှိ ဖြစ်ပွားနေဆဲ ယူကရိန်းစစ်ပွဲ စတင်ခဲ့ခြင်း ဖြစ်သည်။

ပိုလန်နိုင်ငံအတွင်း ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲပြီး လူသေဆုံးမှုဖြစ်ရပ်ကို ဆန်းစစ်နေကြောင်းနှင့် ပိုလန်နှင့် အနီးကပ် ပူးပေါင်းလုပ်ဆောင်နေကြောင်း NATO တာဝန်ရှိသူတစ်ဦးက‌ ပြောသည်။ 

ရုရှားဒုံးကျည် ကျရောက်ခဲ့ပြီးနောက် ပိုလန်က တပ်ဖွဲ့အချို့ကို အသင့်ပြင်ထားစေခဲ့ကြောင်းနှင့် NATO သဘောတူစာချုပ်၏ အပိုဒ် (၄) အရ မဟာမိတ်များနှင့် ဆွေးနွေးညှိနှိုင်းရေး တောင်းဆိုရန် ဆုံးဖြတ်ထားသည်ဟု ပိုလန်ဝန်ကြီးချုပ် Mateusz Morawieck က ဆိုသည်။

ပိုလန်ပိုင်နက်အတွင်း ရုရှားဒုံးကျည် ကျရောက်မှုမှာ ပဋိပက္ခ သိသိသာသာ အရှိန်မြင့်တက်မှုဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြောသည်။ 

ယူကရိန်း - ပိုလန် နယ်စပ်အနီးရှိ ပစ်မှတ်များကို တိုက်ခိုက်ခြင်း မရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောထားသလို ရုရှားအစိုးရ ပြောခွင့်ရအမျိုးသား Dmitry Peskov ကလည်း ပိုလန်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည့်သတင်း မကြားသိခဲ့ဟု ငြင်းဆိုသည်။ 

နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ရုရှားက ယူကရိန်းနိုင်ငံတဝန်း မြို့ကြီးများကို ဒုံးကျည်အများအပြားဖြင့် တိုက်ခိုက်ခဲ့ပြီး ပိုလန်နှင့်နယ်စပ်မှ မိုင် (၅၀) အောက် အကွာအဝေးရှိ Lviv မြို့ကိုလည်း ဒုံးကျည်အချို့ ထိမှန်ခဲ့ကြောင်း သိရသည်။

ထပ်မံသိရှိရသော သတင်းအရ ပိုလန်တွင် လူ (၂) ဦး သေဆုံးခဲ့သည့် ဒုံးကျည်ကျ‌ရောက်ပေါက်ကွဲမှု ဖြစ်ရပ်မှာ ရုရှားဘက်က ပစ်လွှတ်လိုက်သည့် ဒုံးကျည်မဖြစ်နိုင်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြောင်း သိရသည်။

ပိုလန်က ၎င်း၏ပိုင်နက်အတွင်း ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲကြောင်း ပြောဆိုမှုအပေါ် NATO အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတက ထိုသို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ 

အမေရိကန်၏ ကနဦး ဆန်းစစ်မှုအရ ထိုဒုံးကျည်မှာ ရုရှားလုပ်ဖြစ်သော်လည်း ယူကရိန်းနိုင်ငံအတွင်းကနေ  ပစ်လွှတ်လိုက်ပုံရသည်ဟု ဆိုသည်။

Source: Reuters, BBC