ထွက်ပြေးနေသည့် သီရိလင်္ကာသမ္မတဟောင်း  ထိုင်းနိုင်ငံတွင် ယာယီနေထိုင်မည်

သီရိလင်္ကာသမ္မတဟောင်း Gotabaya [ Photo:  The Daily Star ]
သီရိလင်္ကာသမ္မတဟောင်း Gotabaya [ Photo: The Daily Star ]
ထွက်ပြေးနေသည့် သီရိလင်္ကာသမ္မတဟောင်း  ထိုင်းနိုင်ငံတွင် ယာယီနေထိုင်မည်
သြဂုတ် 11, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ရာထူးမှ နုတ်ထွက်ခဲ့ရပြီး နိုင်ငံမှထွက်ပြေးလာသည့် သီရိလင်္ကာသမ္မတဟောင်း Gotabaya Rajapaksa က နောက်ထပ် နိုင်ငံတစ်ခုတွင် အမြဲတမ်း ခိုလှုံခွင့်ရှာဖွေရန် ထိုင်းနိုင်ငံ၌ ယာယီ လာရောက်နေထိုင်လိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဩဂုတ်လ (၁၀) ရက် နှောင်းပိုင်းတွင် ပြောကြားသည်။

လူသားချင်းစာနာထောက်ထားမှုအရ Gotabaya ကို ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ရန် ပြည်ဝင်ခွင့်ပြုခဲ့ကြောင်း ဝန်ကြီးချုပ်ပရာယွတ်က အတည်ပြုခဲ့သည်။ 

၎င်းအနေဖြင့် တတိယနိုင်ငံတစ်ခု၌ အမြဲတမ်း ခိုလှုံခွင့်ရရန် ရှာဖွေနေစဥ် ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်မည်မဟုတ်ဟု Gotabaya က ကတိပေးထားကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

"ဒါက လူသားချင်းစာနာထောက်ထားမှု ကိစ္စတစ်ခုပါ။ ယာယီနေထိုင်မှုပဲဆိုတာ ကျွန်တော်တို့ ကတိပြုထားပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခွင့် မပြုပါဘူး။ ဒီမှာနေထိုင်ခွင့်ပြုတာက သူအနေနဲ့ ခိုလှုံခွင့်ရဖို့ နိုင်ငံရှာဖွေရမှာ အကူအညီဖြစ်ပါလိမ့်မယ်" ဟု ပရာယွတ်က ပြောသည်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ၏ ပြောကြားမှုအရ သီရိလင်္ကာသမ္မတဟောင်း Gotabaya က သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားဆဲဖြစ်ရာ ထိုင်းနိုင်ငံတွင် ရက် (၉၀) ကြာ နေထိုင်နိုင်ကြောင်း သိရသည်။

သီရိလင်္ကာအစိုးရကလည်း သမ္မတဟောင်း Gotabaya ၏ ထိုင်းခရီးစဥ်ကို ကန့်ကွက်ခဲ့ခြင်းမရှိကြောင်းနှင့် ထိုင်းအစိုးရအနေဖြင့် ၎င်းအတွက် နေရာထိုင်ခင်း စီစဥ်ပေးမည်မဟုတ်ဟု ဝန်ကြီး Don Pramudwinai က ပြောသည်။ 

လက်ရှိ သီရိလင်္ကာသမ္မတ Ranil Wickremesingh က Gotabaya အာဏာရှိစဥ်အတွင်း ၎င်းအတွက် အလုပ်လုပ်ခဲ့သူဖြစ်ရာ ယခုခရီးစဥ်ကြောင့် နှစ်နိုင်ငံကြား အငြင်းပွားစရာရှိမည်မဟုတ်ဟု Don Pramudwinai က ဆိုသည်။

ရာထူးမှ နုတ်ထွက်ခဲ့ရပြီး နိုင်ငံမှထွက်ပြေးသွားခဲ့သည့် သီရိလင်္ကာသမ္မတဟောင်း Gotabaya က ဩဂုတ်လ (၁၁) ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာမည်ဟု သတင်းရင်းမြစ် (၂) ခုက ပြောကြောင်း Reuters က ကနဦးသတင်း ဖော်ပြခဲ့သည်။ 

သီရိလင်္ကာသမ္မတဟောင်းက အရှေ့တောင်အာရှဒေသတွင်း ဒုတိယမြောက် နိုင်ငံတစ်နိုင်ငံတွင် ယာယီခိုလှုံနေထိုင်ရန် ကြိုပမ်းနေခဲ့သည်ဟု ဆိုသည်။

သီရိလင်္ကာတွင် အစိုးရဆန့်ကျင့်ရေးဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်ခဲ့ကာ သမ္မတနန်းတော် စီးနင်းခံခဲ့ရပြီးနောက် Gotabaya က သီရိလင်္ကာမှ မော်လ်ဒိုက်သို့ ပထမဆုံး ထွက်ပြေးသွားခဲ့သည်။ 

ထို့နောက် ဇူလိုင်လ (၁၄) ရက်နေ့တွင် မော်လ်ဒိုက်မှ အရှေ့တောင်အာရှဒေသတွင်း စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

သီရိလင်္ကာသမ္မတဟောင်း Gotabaya က ဩဂုတ်လ (၁၁) ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ထွက်ခွာပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း အမည်မဖော်သည့် သတင်းရင်းမြစ်များကို ကိုးကားပြီး Reuters က အစောပိုင်းတွင် ဖော်ပြထားခဲ့သည်။ 

ယခုကိစ္စနှင့် ပတ်သက်၍ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း တုံ့ပြန်မှတ်ချက်မပေးခဲ့ဟု ဆိုသည်။

Gotabaya မှာ သီရိလင်္ကာမှ ထွက်ပြေးလာခဲ့ပြီးနောက် လူမြင်ကွင်းတွေ ပျောက်ကွယ်နေခဲ့သလို မှတ်ချက်ပေး ပြောကြားမှုများလည်း မရှိခဲ့ပေ။ 

၎င်းကို အထူးအခွင့်အရေးပေးထားခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးထားခြင်းမရှိကြောင်း စင်ကာပူအစိုးရက ယခုလအတွင်း ပြောခဲ့သည်။ 

အသက် (၇၃) နှစ်အရွယ် Gotabaya မှာ သီရိလင်္ကာတွင် ဩဇာကြီးမားသည့် Rajapaksa မိသားစုမှဖြစ်ပြီး သီရိလင်္ကာစစ်တပ်တွင် အမှုထမ်းခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။

၎င်း ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဥ်အတွင်း ၂၀၀၉ ခုနှစ်တွင် အစိုးရတပ်ဖွဲ့များက တမီလ်ကျားသူပုန်အဖွဲ့ (Tamil Tiger) ကို အနိုင်ယူခဲ့ပြီး သီရိလင်္ကာပြည်တွင်းစစ် အဆုံးသတ်သွားခဲ့သည်။ 

ယခုအခါ လူ့အခွင့်အရေးအုပ်စုအချို့က ထိုအချိန်ကာလအတွင်း Gotabaya ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် လိုလားနေကြသည်။ 

Gotabaya ကမူ ၎င်းအပေါ် စွပ်စွဲချက်များကို ယခင်က အခိုင်အမာ ငြင်းဆိုထားခဲ့သည်။

၁၉၄၈ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးခဲ့ပြီးနောက်  သီရိလင်္ကာ၏ အခြေအနေမှာ Gotabaya နှင့် ၎င်းမိသားစု၏ စီးပွားရေစီမံခန့်ခွဲမှု လွဲမှားခြင်းတို့ကြောင့်  သီရိလင်္ကာတွင် အဆိုးဆုံး စီးပွားရေး၊ ဘဏ္ဍာရေး အကျပ်အတည်းကြုံခဲ့ရကြောင်း ဝေဖန်သူအချို့နှင့် ဆန္ဒပြသူများက စွပ်စွဲခဲ့ကြသည်။ 

Gotabaya ၏ အကိုဖြစ်သူ Mahinda Rajapaksa က သမ္မတဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဖြစ်သည်။ 

၎င်းတို့၏ ညီဖြစ်သူ Basil Rajapaksa ကလည်း ယခုနှစ်အစောပိုင်းအထိ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

သမ္မတဟောင်း Gotabaya အနေဖြင့် နိုင်ငံသို့ ပြန်မလာသင့်သေးကြောင်း လက်ရှိ သီရိလင်္ကာသမ္မတ Ranil Wickremesinghe က ယခင်က ပြောခဲ့ဖူးသည်။ 

"သူပြန်လာဖို့အချိန်ရောက်ပြီလို့ ကျွန်တော် မယူဆပါဘူး။ မကြာခင် သူပြန်လာမယ့်လက္ခဏာ မရှိပါဘူး" ဟု Ranil Wickremesinghe က ဆိုသည်။ 

အကယ်၍ Gotabaya သီရိလင်္ကာကို ပြန်လာပါက တရားစွဲခံရလျှင် ဥပဒေအရ အကာအကွယ်ရနိုင်လိမ့်မည်မဟုတ် ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောသည်။

Source: Bangkok Post, Reuters, CNA