တရုတ်က ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်း ဗုံးကြဲလေယာဥ် စံချိန်တင် အရေအတွက်ဖြင့် စေလွှတ်ခဲ့

တရုတ်က ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်း ဗုံးကြဲလေယာဥ် စံချိန်တင် အရေအတွက်ဖြင့် စေလွှတ်ခဲ့
ဒီဇင်ဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်း၏ လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ နျူကလီးယားဗုံးကြဲလေယာဥ် (၁၈) စီးအထိ စံချိန်တင်များပြားသော အရေအတွက်ဖြင့် ဒီဇင်ဘာလ (၁၃) ရက်နေ့က  စေလွှတ်ခဲ့ကြောင်း သိရသည်။ 

တရုတ်က ထိုင်ဝမ်မှ ကုန်ပစ္စည်းတင်သွင်းမှုများကို နောက်ထပ် ပိတ်ပင်မှုများ ချမှတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဗုံးကြဲလေယာဥ် စံချိန်တင်အရေအတွက်ကို ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ စေလွှတ်လိုက်ခြင်းလည်း ဖြစ်သည်။

ဒီမိုကရေစီစနစ်ကျင့်သုံးနေသည့် ထိုင်ဝမ်မှာ တရုတ်က ကျူးကျော်မည့် ခြိမ်းခြောက်မှုကို အဆက်မပြတ် ကြုံနေခဲ့ရသည်။ 

တရုတ်က ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် ရပ်တည်နေသည့် ထိုင်ဝမ်ကျွန်းကို တစ်နေ့နေ့တွင် ပြန်လည်ပေါင်းစည်းရမည့် ၎င်း၏ နယ်မြေအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသည်။ ထိုင်ဝမ်မှာ တရုတ်၏ အစိတ်အပိုင်းမဟုတ်ဟု ပြောဆိုထားသည့် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ် ၂၀၁၆ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခံရချိန်စပြီး တရုတ်အစိုးရက ထိုင်ဝမ်ကို စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးအရ ဖိအားပေးမျုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

ယခုနောက်ဆုံး တရုတ်က စစ်ရေးအရ ဖိအားပေးမှုအဖြစ် ထိုင်ဝမ်ကျွန်း၏ လေကြောင်းကာကွယ်ရေးဇုန် air defence identification zone (ADIZ) အနောက်တောင်ဘက်သို့ ပြီးခဲ့သည့် (၂၄) နာရီအတွင်း H-6 နျူကလီးယားဗုံးကြဲလေယာဥ် (၁၈) စီး အပါအဝင် တရုတ်စစ်လေယာဥ် (၂၁) စီး ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ (၁၃) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

ထိုင်ဝမ်က ၂၀၂၀ ခုနှစ် စက်တင်ဘာလမှစပြီး တရုတ်၏ နေ့စဥ် လေကြောင်းကျူးကျော်မှု သတင်းအချက်အလက်များကို ပထမဆုံး ထုတ်ပြန်ခဲ့ချိန်နောက်ပိုင်း ယခုအချိန်အထိ H-6 ဗုံးကြဲလေယာဥ်အစီးရေ အများဆုံး စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း AFP သတင်းဌာန၏ မှတ်တမ်းပြုစုထားမှုအရ သိရှိရသည်။ 

H-6 မှာ တရုတ်နိုင်ငံ၏ ခရီးအရှည်ဆုံး ပျံသန်းနိုင်သော ဗုံးကြဲလေယာဥ်ဖြစ်ပြီး နျူကလီးယားဗုံးများကို သယ်ဆောင်ကြဲချနိုင်ကြောင်း သိရသည်။

Source: AFP