ချမ်းသာကြွယ်ဝမှု အများစုကို ပရဟိတအတွက် လှူဒါန်းသွားမည်ဟု Amazon တည်ထောင်သူ ဘီလျံနာဂျက်ဖ်ဘီဇော့ ပြောကြား

ချမ်းသာကြွယ်ဝမှု အများစုကို ပရဟိတအတွက် လှူဒါန်းသွားမည်ဟု Amazon တည်ထောင်သူ ဘီလျံနာဂျက်ဖ်ဘီဇော့ ပြောကြား
နိုဝင်ဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

အီလက်ထရောနစ် နည်းပညာသုံး ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီကြီး Amazon ကို တည်ထောင်သူ ဘီလျံနာ ဂျက်ဖ်ဘီဇော့က ၎င်း၏ ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ (၁၂၄) ဘီလီယံ၏ အများစုကို ၎င်း၏ ဘဝသက်တမ်းအတွင်း ပရဟိတလုပ်ငန်းများအတွက် လှူဒါန်းသွားရန် စီစဥ်ထားသည်ဟု CNN သတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားသည်။

၎င်း၏ ချမ်းသာကြွယ်ဝမှုကို ရာသီဥတုပြောင်းလဲမှုနှင့် နက်နဲသည့် လူမှုရေးနှင့် နိုင်ငံရေး ကွဲပြားမှုများကို ရင်ဆိုင်ရာတွင် လူသားများကို စည်းလုံးညီညွတ်စေရန် လုပ်ဆောင်ပေးနိုင်သူအား ပေးအပ်သွားမည်ဟု ဂျက်ဖ်ဘီဇော့က ဆိုသည်။ 

ဂျက်ဖ်ဘီဇော့က ၎င်း၏ ချမ်းသာကြွယ်ဝမှု အများစုကို ပရဟိတအတွက် ပေးလှူသွားမည်ဟု ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ကြေညာလိုက်ခြင်းလည်းဖြစ်ကြောင်း CNN က ဖော်ပြသည်။

ဂျက်ဖ်ဘီဇော့က ၎င်း၏ လက်တွဲဖော်အမျိုးသမီး တစ်ချိန်က ဂျာနယ်လစ်ဖြစ်ခဲ့သူ ပရဟိတသမား လော်ရန်ဆန်ချက်နှင့်အတူ ဝါရှင်တန်ဒီစီရှိ နေအိမ်တွင် နိုဝင်ဘာလ (၁၂) ရက်နေ့က CNN နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

ဂျက်ဖီဘီဇော့နှင့် ဆန်ချက်တို့က ၂၀၁၉ ခုနှစ်တွင် စတွဲခဲ့ကြပြီးနောက် ပထမဆုံးအကြိမ် အတူတကွ အင်တာဗျူး ဖြေဆိုခြင်းလည်း ဖြစ်သည်။  

ဂျက်ဖ်ဘီဇော့က ၂၀၂၁ ခုနှစ်မှစပြီး Courage and Civility Award ဆုကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဆုနှင့်အတူ ဒေါ်လာ သန်း (၁၀၀) ပေးအပ်ကြောင်း သိရသည်။

ယခု ၂၀၂၂ ခုနှစ်အတွက် ထိုဆုကို အမေရိကန် ဂီတပညာရှင်၊ ရုပ်ရှင်မင်းသမီး၊ ပရဟိတသမားနှင့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ Dolly Parton အား ချီးမြှင့်ပေးအပ်ခဲ့သည်။ 

၂၀၂၁ ခုနှစ်တွင် သတင်းနှင့်နိုင်ငံရေးရာ ဟောပြောရေးသားသူ၊ စာရေးဆရာနှင့် ရှေ့နေဖြစ်သူ Van Jones နှင့် သဘာဝဘေးအန္တရာယ်များ ကြုံရသည့်နေရာများအတွက် အစားအစာများ ကူညီထောက်ပံ့နေသည့် World Central Kitchen (WCK) အဖွဲ့တည်ထောင်သူ Jose Andres တို့ကို ရွေးချယ်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

Source: CNN