တရုတ်သိပ္ပံပညာရှင်များက ပုံမှန်ထက် နို့ထွက်နှုန်း ပိုကောင်းသော "စူပါနွားမ" (၃) ကောင်ကို အောင်မြင်စွာ ပုံတူမျိုးပွားခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့ပြီး နိုင်ငံ၏ နို့ထွက်ထုတ်ကုန်ုလုပ်ငန်းအတွက် ပြည်ပမှ မျိုးကောင်းမျိုးသန့် နို့စားနွားများအပေါ် မှီခိုနေရခြင်းကို လျှော့ချရန် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ချီးကျူးထားသည်။
Northwest University of Agricultural and Forestry Science and Technology က မျိုးပွားခဲ့သည့် နွားသားပေါက် (၃) ကောင်မှာ Ningxia နယ်မြေတွင် တရုတ်နှစ်သစ်ကူးအကြို သီတင်းပတ်များအတွင်း မွေးဖွားခဲ့ကြောင်း တရုတ်အစိုးရပိုင် Ningxia Daily သတင်းဌာနက ဖော်ပြသည်။
ထိုနွားမများကို နို့ထွက်နှုန်းမြင့်မားသော နယ်သာလန်နိုင်ငံ မျိုးရင်း Holstein Friesian မျိုးကောင်းမျိုးသန့် နွားမများမှ ပုံတူမျိုးပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လက်ရွေးစင် နွားမများက တစ်နှစ်လျှင် နို့တန်ချိန် (၁၈) တန် သို့မဟုတ် ၎င်းတို့၏ သက်တမ်းအတွင်း နို့တန်ချိန် (၁၀၀) ထွက်ရှိနိုင်သည်။
"စူပါနွားမ" များ၏ နို့ထွက်နှုန်းမှာ အမေရိကန်တွင် ၂၀၂၁ ခုနှစ်က နွားမတစ်ကောင်မှ ထွက်ရှိသည့် ပျမ်းမျှ နွားနို့ပမာဏထက် (၁.၇) ဆနီးပါး ဖြစ်သည်။
ပထမဆုံး ပုံတူမျိုးပွား "စူပါနွားမ" သားပေါက်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့က ခွဲမွေးပေးခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ပေါင် (၁၂၀) ရှိ ကြီးမားသည့် အရွယ်အစားကြောင့် ထိုသို့ ခွဲမွေးပေးခဲ့ရခြင်းဖြစ်ကြောင်း Ningxia နယ်မြေ Wulin မြို့ရှိ အစိုးရအရာရှိတစ်ဦးက တရုတ်အစိုးရပိုင် Technology Daily သတင်းဌာနကို ပြောသည်။
သိပ္ပံပညာရှင်များ ပုံမှန်ထက် နို့ထွက်နှုန်း ပိုကောင်းသော နွားမများ၏ နားရွက်ဆဲလ်များကို ရယူပြီး ပုံတူမျိုးပွား သန္ဓေသား (၁၂၀) ကို ဖန်တီးခဲ့ကြပြီး ထိုသန္ဓေသားများကို နွားမများတွင် အငှားကိုယ်ဝန်ဆောင်စေခြင်းဖြစ်ကြောင်း Technology Daily က ဆိုသည်။
တရုတ်နိုင်ငံ၏ နို့စားနွားများအနက် (၇၀) ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းထားခြင်းဖြစ်ကြောင်း Global Times သတင်းက ဖော်ပြသည်။
"(၂) နှစ်ကနေ (၃) နှစ်အတွင်း စူပါနွားမ အကောင်ရေ (၁,၀၀၀) ရှိလာဖို့ စီစဥ်နေပါတယ်။ ဒါက တရုတ်အနေနဲ့ နို့စားနွားမတွေအတွက် ပြည်ပကို မှီခိုနေရတာနဲ့ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုကြောင့် ပြဿနာဖြစ်နိုင်ခြေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်" ဟု "စူပါနွားမ" စီမံကိန်းကို ဦးဆောင်သူ သိပ္ပံပညာရှင် Jin Yaping က Global Times ကို ပြောသည်။
တရုတ်နိုင်ငံတွင် နွားမ အကောင်ရေ (၁၀,၀၀၀) တွင် (၅) ကောင်သာ ၎င်းတို့၏ သက်တမ်းအတွင်း နို့တန်ချိန် (၁၀၀) ထွက်ရှိနိုင်ကြောင်း သိရသည်။
Source: CNN