မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့စွန်ရှိ အပန်းဖြေစခန်းချနေရာတွင် မြေပြိုကျမှုဖြစ်ပွားပြီး လူ (၁၆) ဦး သေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့စွန်ရှိ အပန်းဖြေစခန်းချနေရာတွင် မြေပြိုကျမှုဖြစ်ပွားပြီး လူ (၁၆) ဦး သေဆုံး
ဒီဇင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၏ အစွန်အဖျားရှိ အပန်းဖြေစခန်းချနေရာတစ်ခုတွင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့၏ နံနက်အစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၆) ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် အစိုးရတာဝန်ရှိသူများက ပြောသည်။ 

စခန်းချနေထိုင်သူများ အိပ်ပျော်နေစဥ် ၎င်းတို့၏ ယာယီတဲများပေါ်သို့ မြေပြိုကျခဲ့ခြင်း ဖြစ်သည်။

ဒေသစံတော်ချိန် မွန်းလွဲပိုင်းအချိန်အထိ ကယ်ဆယ်ရေးအဖွဲ့များက ထူထပ်သော ရွှံ့နွံများနှင့် လဲကျနေသည့် သစ်ပင်များအောက်တွင် ပျောက်ဆုံးနေသူ (၁၇) ဦးကျော်ကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ 

ကွာလာလမ်ပူမြို့ ဆင်ခြေဖုံး တွင် ဒီဇင်ဘာလ (၁၆) ရက် နံနက် (၃) နာရီမတိုင်မီက တောင်စောင်းတစ်ခု မြေပြိုကျခဲ့ရာ အောက်ဘက်ရှိ အော်ဂဲနစ်စိုက်ပျိုးရေးခြံနှင့် စခန်းချနေရာပေါ်သို့ ရွှံ့နွံ၊ ကျောက်တုံးနှင့် သစ်ပင်များ ဖုံးအုပ်သွားခဲ့ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ပြောသည်။

အသက် (၂၂) နှစ်အရွယ် Lynn Xuan အမည်ရှိ အမျိုးသမီး၏ အဆိုအရ မြေပြိုကျွန်မှုဖြစ်ပွားစဥ် သူမနှင့် အခြား လူ (၄၀) ဦးမှာ စခန်းချနေထိုင်နေခဲ့ကြကြောင်း သိရသည်။

"ကျွန်မ မိုးချုန်းသံလို အသံအကျယ်ကြီးတစ်ခု ကြားခဲ့တယ်။ ဒါပေမဲ့ အဲဒီအသံက ကျောက်တုံးတွေ ကျလာတာဖြစ်နေတယ်။ ယာယီတဲတွေလှုပ်လာပြီး ကျွန်မတို့ပတ်လည်က မြေကြီးက ပြိုကျလာတယ်။ ကံကောင်းလို့ ကျွန်မ တဲထဲကနေထွက်ပြီး ဘေးကင်းတဲ့နေရာကို ရောက်လာနိုင်ခဲ့တယ်။ ကျွန်မနဲ့ ကျွန်မရဲ့အမေက တဲထဲကနေ တွားသွားပြီး ထွက်လာနိုင်ခဲ့လို့ အသက်ရှင်ခဲ့တယ်" ဟု သူမက ပြောသည်။

သူမ၏ အစ်ကိုတစ်ဦးမှာ မြေပြိုမှုအတွင်း သေဆုံးခဲ့ကြောင်းနှင့် နောက်တစ်ဦးမှာ ဆေးရုံတင်ထားရကြောင်း Lynn Xuan က ဆိုသည်။ 

မြေပြိုမှုအတွင်း လူ (၉၄) ဦး ဖုံးလွှမ်းပိတ်မိခဲ့ကြောင်းနှင့် (၆၁) ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး (၁၇) ဦး ပျောက်ဆုံးနေကြောင်း မီးသတ်နှင့်ကယ်ဆယ်ရေးဌာနက ပြောသည်။ 

မြေပြိုမှုကြောင့် လူ (၁၂) ဦး သေဆုံးကြောင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် လူ (၈) ဦးကို ဆေးရုံတင်ထားရကြောင်းလည်း သိရသည်။

တောင်စောင်းတစ်လျှောက် မြေပြိုကျွန်မှုမှာ မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူမြို့၏ မြောက်ဘက် မိုင် (၃၀) ခန့်အကွာရှိ Batang Kali မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

Batang Kali မြို့မှာ အပန်းဖြေစခန်းများ၊ ရေတံခန်များနှင့် သဘာဝအလှအပများဖြင့် လူသိများသည့် Genting Highlands တောင်ထိပ်ဧရိယာ အပြင်ဘက်တွင် တည်ရှိသည်။ 

မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက်  Bantang Kali မြို့ အနီးပတ်ဝန်းကျင်ရှိ စခန်းချနေရာများနှင့် ရေပြင်အပန်းဖြေဧရိယာများ အားလုံးကို နောက်ထပ် အသိပေးချက် မထုတ်ပြန်မီအထိ ချက်ချင်း ပိတ်ထားရန် ညွှန်ကြားထားကြောင်း မလေးရှားသတင်းဌာန Bernama က Twitter တွင် ဖော်ပြထားသည်။

Source: CNA, Reuters

Photo: REUTERS/Lai Seng Sin, Korporat JBPM, bernamadotcom