မြန်မာနိုင်ငံ၏ အနာဂတ်အတွက် လေးနက်သည့် လမ်းပြမြေပုံကို ပြင်ဆင်ထားကြောင်း အာဆီယံထိပ်သီးအစည်းအဝေးသို့ NUG က သဝဏ်လွှာ ရေးပို့

 မြန်မာနိုင်ငံ၏ အနာဂတ်အတွက် လေးနက်သည့် လမ်းပြမြေပုံကို ပြင်ဆင်ထားကြောင်း အာဆီယံထိပ်သီးအစည်းအဝေးသို့ NUG က သဝဏ်လွှာ ရေးပို့

 အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အခြားသော သက်ဆိုင်သူများက ဥပဒေ၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် အားလုံး ပါဝင်နိုင်သည့် ကတိ ကဝတ်များအပေါ် အခြေခံပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် လေးနက်သည့် လမ်းပြမြေပုံကို ပြင်ဆင်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

နိုဝင်ဘာ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကမ္ဘောဒီယားနိုင်ငံ၌ ပြုလုပ်မည့် (၄၀)နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပေးပို့သည့် သဝဏ်လွှာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

စစ်အာဏာရှင်များ အဆိုပြုထားသည့် ရွေးကောက်ပွဲမှာလည်း အတုအယောင်ဖြစ်ပြီး တရားဝင် မဟုတ်ခြင်းကြောင့် မြန်မာနိုင်ငံနှင့်ဒေသတွင်း မတည်ငြိမ်မှုများ ပိုကြီးမားလာစေမည် ဖြစ်သဖြင့် အတုအယောင်ရွေးကောက်ပွဲကို အာဆီယံက ပယ်ချဖို့ အလေးအနက် မျှော်လင့်ကြောင်း ယနေ့နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ထုတ်ပြန် သည့် ယင်းသဝဏ်လွှာတွင် ပါရှိသည်။

ဒါ့အပြင် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အခြားသော သက်ဆိုင်သူများကို ထိတွေ့ဆက်ဆံရန်အတွက် အကြံပြုထားပြီး မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကို ဖြေရှင်းဖို့အတွက် အာဆီယံအနေဖြင့် အားလုံးပါဝင်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဖိုရမ်ကို ခေါ်ယူပေးရန်လည်း တောင်းဆိုထားသည်။

ကိုယ့်လူမျိုးများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ နေ့စဉ်ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ ကိုယ်စားလှယ်များကိုလည်း အာဆီယံအစည်းအဝေးတွင် ဖိတ်ကြားခြင်း မပြုလုပ်သင့်ဟုလည်း  ထောက်ပြထားသည်။