အင်ဒိုနီးရှားနိုင်ငံတွင် လူရာနှင့်ချီ သေဆုံးခဲ့သည့် ဘောလုံးပွဲအတွင်း လူအုပ်စု လဲပြိုကျမှုဖြစ်ရပ်မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးအသုံးပြုပြီး လူအုပ်စုထဲ ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း အစိုးရဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့သည်။
အရှေ့ဂျာဗားပြည်နယ်ရှိ အားကစားကွင်းပတ်လည်တွင် တပ်ဆင်ထားသော CCTV ကင်မရာများ၏ မှတ်တမ်းများအရ သေဆုံးဒဏ်ရာရသူအများစုမှာ ရဲတပ်ဖွဲ့က လူအုပ်စုထဲသို့ မျက်ရည်ယိုဗုံးပစ်ခဲ့ပြီးနောက် လူအုပ်စု လဲပြိုကျမှုအတွင်း ဒဏ်ရာရခဲ့ သို့မဟုတ် သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေးကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Mahfud MD က အောက်တိုဘာလ (၁၄) ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အောက်တိုဘာလ (၁) ရက်နေ့၏ ညပိုင်းက အရှေ့ဂျာဗားပြည်နယ် Malang မြို့ရှိ Kanjuruhan အားကစားကွင်းတွင် အိမ်ရှင် Arema FC နှင့် ပြိုင်ဘက် Persebaya Surabaya အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့သည့် ဘောလုံးပွဲစဥ်အတွင်း လူအုပ်စု လဲပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကလေး (၃၂) ဦး အပါအဝင် လူ (၁၃၂) ဦး သေဆုံးခဲ့သည်။
ထိုပွဲစဥ်တွင် အိမ်ရှင် Arema FC က (၂) ဂိုး (၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒိုင်လူကြီးက ပွဲပြီးခရာမှုတ်ချိန်တွင် ထောင်နှင့်ချီသည့် အိမ်ကွင်းပရိသတ်များ ကွင်းအတွင်း ပြေးဆင်းလာခဲ့ကြကာ ဆူပူသောင်းကျန်းခဲ့သည်။
ထိုအခြေအနေကို ထိန်းသိမ်းရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ရာမှ အားကစားကွင်းအတွင်းရှိ လူအုပ်စုမှာ ကြောက်လန့်တကြားဖြစ်ပြီး ကွင်းအပြင် ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြစဥ် လူအများအပြား သေဆုံးခဲ့ရသည့် လူအုပ်စု လဲပြိုမှု ဖြစ်ပွားခဲ့သည်။
လူအုပ်စု လဲပြိုကျမှုအတွင်း ဒဏ်ရာရခဲ့သူနှင့် အသက်ရှူမွန်းကျပ်မှု ခံစားခဲ့ရသူ (၃၂၀) ကျော်ရှိခဲ့သည်။
ဘောလုံးပွဲဖြစ်ရပ်နှင့် ပတ်သက်၍ ရဲအရာရှိ (၃) ဦးအပါအဝင် လူ (၆) ဦးကို ရာဇဝတ်မှုမြောက်သည့် ပေါ့ဆမှုကြောင့် လူသေဆုံးမှုဖြင့် စွဲချက်တင်ထားသည်ဟု ဆိုသည်။
ယခုဖြစ်ရပ်ကြောင့် အင်ဒိုနီးရှားပြည်သူများအကြား ဒေါသထွက်ခဲ့ကြပြီး အထူးသဖြင့် ရဲတပ်ဖွဲ့နှင့် ၎င်းတို့၏ မျက်ရည်ယိုဗုံးသုံးခဲ့သည့် လုပ်ရပ်အပေါ် ပြည်သူများက ဒေါသတကြီး ဝေဖန်ပြောဆိုခဲ့ကြသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့အချုပ် FIFA ၏ လုံခြုံရေးဆိုင်ရာ စည်းမျဥ်းများအရ ဘောလုံးပွဲများတွင် မျက်ရည်ယိုဗုံး အသုံးမပြုရန် တားမြစ်ထားသည်။
သို့သော် အင်ဒိုနီးရှားရဲတပ်ဖွဲ့ကမူ ၎င်းတို့၏ အရာရှိများနှင့် ပရိသတ်များ ဘေးကင်းလုံခြုံရေးအတွက် မျက်ရည်ယိုဗုံးသုံးခဲ့ခြင်းဖြစ်ကြောင်း ပြောထားသည်။
ဘောလုံးပွဲဖြစ်ရပ်နှင့် ပတ်သက်၍ Kanjuruhan အားကစားကွင်း တည်ရှိရာ Malang မြို့ ရဲတပ်ဖွဲ့အကြီးအကဲကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အခြား ရဲအရာရှိ (၉) ဦးကို ရာထူးဆိုင်းငံ့ခဲ့ကြောင်းလည်း သိရသည်။
ဘောလုံးပွဲဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသည့် လုပ်ငန်းအဖွဲ့က အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဌကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။
ထိုအဖွဲ့က စာမျက်နှာ (၁၂၄) မျက်နှာပါသည့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို သမ္မတဂျိုကိုဝီဒိုဒိုထံ တင်ပြထားကြောင်း ဝန်ကြီး Mahfud MD က ပြောသည်။
လူအုပ်စု လဲပြိုကျပြီး လူရာနှင့်ချီ သေဆုံးခဲသည့် ထိုဖြစ်ရပ်အတွက် အိမ်ရှင် Arema FC ဘောလုံးအသင်း အပါအဝင် အခြား သက်ဆိုင်သူများကိုလည်း Mahfud MD အပြစ်တင်ခဲ့ပြီး ၎င်းတို့က ပေါ့ဆခဲ့ကြသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
Source: AFP, Bloomberg