ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ရေကြီးနိုင်ကြောင်း အာဏာပိုင်များက သတိပေးထား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ရေကြီးနိုင်ကြောင်း အာဏာပိုင်များက သတိပေးထား
အောက်တိုဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်၏ ကျန်ရှိသည့်ရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပြီး ဘန်ကောက်မြို့တော်နှင့် နိုင်ငံအလယ်ပိုင်း၏ အခြား နေရာဒေသများတွင် ပြင်းထန်သည့် ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း အာဏာပိုင်များက အောက်တိုဘာလ (၅) ရက်နေ့တွင် သတိပေးထားသည်။

 နိုင်ငံမြောက်ပိုင်း ပြည်နယ်များတွင် ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုမှ ရေများနှင့် ရေပြည့်နေသည့် ရေကာတာများမှ ဖောက်ထုတ်လိုက်သည့် ရေများက မြစ်များအတွင်း စီးဝင်နေခြင်းကြောင့် အခြေအနေ ပိုဆိုးလာနေကြောင်း သိရသည်။

ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာလ (၃) ရက်နေ့ကတည်းက ရေကြီးရေလျှံမှု ကြုံနေခဲ့ရပြီး လွန်ခဲ့သည့် (၂၄) နာရီအတွင်း နေရာတစ်ခုတွင် မိုးရေချိန် (၆) လက်မကျော် ရွာသွန်းခဲ့သည်။ 

သို့သော် အောက်တိုဘာလ (၅) ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့၏ နေရာအများစုတွင် ရေကြီးရေလျှံမှု လျော့ကျသွားခဲ့သည်။

ဘန်ကောက်မြို့ တာဝန်ရှိသူများက မြစ်ကမ်းနားတစ်လျှောက် သဲအိတ်များချထားခြင်း၊ ရေနုတ်မြောက်များတွင် ရေစုပ်စက်များ အသင့်ပြင်ဆင်ထားခြင်းနှင့် နေ့စဥ်သွားလာနေသူများကို သယ်ယူပို့ဆောင်ပေးရန် စစ်တပ်ထရပ်ကားများ အသင့်ပြင်ထားခြင်းတို့ အပါအဝင် ရေကြီးမှုကို ကိုင်တွယ်ဖြေရှင်းရန် အစီအမံများ လုပ်ဆောင်နေသည်။

ရေပြည့်လျှံနေပြီးဖြစ်သည့် Chao Phraya မြစ်အတွင်းသို့ ရေစုပ်ထုတ်ရန်အတွက် နာရီများနှင့်ချီ ကြာမြင့်နိုင်မှုကြောင့် လာမည့် ရက်များအတွင်း မိုးရွာသွန်းမှု ပိုများလာပါက ဘန်ကောက်မြို့၏ နေရာအများအပြားမှာ ရေကြီးမှုကြုံရနိုင်ကြောင်း ဒုမြို့တော်ဝန် Tawida Kamolvej က သတိပေးသည်။ 

ရေကြီးမှုကြောင့် အလုပ်အသွားအပြန် အခက်အခဲရှိလာပါက ကုမ္ပဏီများနှင့် ဌာနများအနေဖြင့် အလုပ်ချိန်ညှိနှိုင်းပေးရန် သို့မဟုတ် ဖြစ်နိုင်ပါက အိမ်ကနေ အလုပ်လုပ်စေပြီး ယာဥ်ကြောပိတ်ဆို့မှု လျှော့ချရေးကူညီရန် ပြောကြားသွားမည်ဟု Tawida က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုင်းနိုင်ငံတွင် နေရာဒေသ အများအပြားမှာ နိုရူမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်နေခဲ့သည်။ 

နှစ်များအတွင်း အဆိုးဆုံး ရေကြီးမှုကို ရင်ဆိုင်နေရပြီး စိုက်ပျိုးမြေများစွာ ရေနစ်မြုပ်ခဲ့ပြီး စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်မှုကို ပိုမိုဆိုးရွားစေနိုင်ပြီး ပြန်လည်ကောင်းမွန်စပြုလာသည့် ခရီးသွားလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း သိရသည်။

ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန Department of Disaster Prevention and Mitigation ၏ စာရင်းများအရ ချင်းမိုင်ကဲ့သို့ မြို့အနည်းငယ်တွင် အခြေအနေ တိုးတက်ခဲ့သော်လည်း အိမ်ထောင်စု (၄၁,၀၀၀) ကျော်နှင့် အနည်းဆုံး ပြည်နယ် (၂၂) ခုတို့မှာ ရေကြီးရေလျှံမှု ဆက်လက်ကြုံနေရဆဲ ဖြစ်သည်။ 

ဘေးအန္တရာယ်ဆိုင်ရာဌာနက နိုင်ငံ၏ နေရာဒေသ အများအပြားတွင် မုတ်သုန်မိုးသည်းထန်နိုင်ကြောင်း ခန့်မှန်းထားပြီး Chao Phraya မြစ်ကြောင်းတစ်လျှောက် ဘန်ကောက်မြို့နှင့် အခြား ပြည်နယ်များတွင် ပိုမိုပြင်းထန်သည့် ရေကြီးရေလျှံမှု ကြုံရနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

Source: AP