ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ကုန်စည်ဈေးကွက်တွင် သမိုင်းဝင်လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့ရာမှ ကမ္ဘာတဝန်း ဈေးနှုန်းများ မြင့်တက်နေမှုကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကြုံရလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း စွမ်းအင်ဈေးနှုန်းများ မြင့်တက်မှုမှာ ၁၉၇၃ ခုနှစ် ရေနံအကျပ်အတည်းနောက်ပိုင်း အကြီးမားဆုံးဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဧပြီ (၂၆) ရက်တွင် ပြောသည်။
ထို့အတူ စားနပ်ရိက္ခာဈေးနှုန်းများ ခုန်တက်သွားမှုကလည်း ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ကုန်စည်ဈေးကွက်သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြသည်။
"အားလုံးကို ခြုံငုံကြည့်ရင် ၁၉၇၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း ဒီလောက်ကြီးမားတဲ့ ကုန်စည်းဈေးကွက် လှုပ်ခတ်မှု ကြုံရတာပဲ" ဟု ကမ္ဘာ့ဘဏ်၏ သာတူညီမျှတိုးတက်ရေး၊ ဘဏ္ဍာရေးနှင့် အဖွဲ့အစည်းများဆိုင်ရာ ဒုတိယဥက္ကဌ Indermit Gill က ပြောသည်။
ရုရှားက ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး တင်ပို့မှုတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် နိုင်ငံဖြစ်ပြီး ယူကရိန်းက ဂျုံနှင့်ပြောင်း အဓိက ထွက်ရှိသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။
ရုရှားနှင့် ယူကရိန်း စစ်ပွဲကြောင့် ထိုနိုင်ငံများက အဓိက တင်ပို့နေသည့် ကုန်စည်များ ဈေးနှုန်းမြင့်တက်လာခဲ့သလို ဓာတ်မြေဩဇာ ကုန်ကျစရိတ်များနှင့် အဓိကသတ္တုများ ဈေးမြင့်တက်မှုတို့ကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဆိုသည်။
ယမန်နှစ်အတွင်း စွမ်းအင်ဈေးနှုန်းများ နှစ်ဆနီးပါး ဖြစ်ခဲ့ပြီးနောက် ယခုနှစ်တွင် (၅၀) ရာခိုင်နှုန်းကျော် မြင့်တက်မည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တွင် စွမ်းအင်ဈေးနှုန်း ပြန်ကျမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
ယခုနှစ်တွင် စားနပ်ရိက္ခာဈေးနှုန်းများ (၂၂.၉) ရာခိုင်နှုန်း မြင့်တက်မည်ဖြစ်ပြီး ဂျုံဈေးနှုန်းမှာ (၄၀) ရာခိုင်နှုန်း မြင့်တက်မှုက သိသာထင်ရှားကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက ပြောသည်။
"ဒီလိုဖြစ်နေတာတွေက စီးပွားရေးဖွံ့ဖြိုးမှု နှေးသွားပြီး အလုပ်လက်မဲ့ဖြစ်မှုနဲ့ ငွေကြေးဖောင်းပွမှု ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှု တိုးလာစေတယ်။ မူဝါဒချမှတ်သူတွေက ပြည်တွင်းမှာ စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်ဖို့ အခွင့်အရေးတိုင်းကို ရယူဆောင်ရွက်သင့်ပြီး ကမ္ဘာ့စီးပွားရေး ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ရှောင်ကြဥ်သင့်တယ်" ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။
ကမ္ဘာတဝန်း ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ သမိုင်းဝင်မြင့်မားနေမည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသလို မရှိမဖြစ် ကုန်စည်များ ဈေးနှုန်းမြင့်တက်ခြင်းက ဝင်ငွေနည်းပါးသည့် မိသားစုများကို အခက်ခဲဆုံး ဖြစ်စေမည့် အပေါ် ကမ္ဘာ့ဘဏ်က စိုးရိမ်ပူပန်သည်။
စားနပ်ရိက္ခာနှင့် စွမ်းအင် ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတွင် တိုးတက်မှု ရပ်တန့်သွားဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ Prospects Group မှ ဒါရိုက်တာ Ayhan Kose က အစီရင်ခံစာတွင် ပြောထားသည်။
Source: CNN, BBC