ထိုင်းနိုင်ငံမှ သိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်တိုက်ဖျက်သည့် နှာခေါင်းဖြန်းဆေးတစ်မျိုးကို တီထွင်ထုတ်လုပ်နေပြီး နှာခေါင်းထဲသို့ ကိုရိုနာဗိုင်းရပ်စ် ဝင်လာချိန်တွင် သက်ရောက်မှု မရှိစေရန် လုပ်ဆောင်ခြင်းဖြင့် COVID-19 ကူးစက်မှုကို ရပ်တန့်စေနိုင်ကြောင်း သိရသည်။
ထိုနှာခေါင်းဖြန်းဆေးကို လက်ရှိတွင် သုတေသနလုပ်နေပြီး တီထွင်ထုတ်လုပ်မှုအဆင့်ဖြစ်သည်။
နှာခေါင်းဖြန်းဆေး၏ ရှေ့ပြေးပုံစံတွင် အသုံးပြုထားသည့် ပဋိပစ္စည်းကို Faculty of Medicine က ရှာဖွေတွေ့ခဲ့သည်ဟု ဆိုသည်။
"ကျွန်တော်တို့ သုတေသနလုပ်ခဲ့ပြီးတော့ ပဋိပစ္စည်းတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီပဋိပစ္စည်းတွေက COVID-19 ကို ရပ်တန့်ဖို့ လူ့ခန္ဓာကိုယ်က ဖန်တီးထားတဲ့ ကိုယ်ခံစွမ်းအားတွေ ဖြစ်ပါတယ်" ဟု Faculty of Medicine မှ လက်ထောက်ပါမောက္ခ ဒေါက်တာ Nakarin Sirisabya က ပြောသည်။
ထိုပဋိပစ္စည်းများထဲမှ တစ်ခုကိုရွေးထုတ်ပြီးနောက် ၎င်းကို သုတ်လိမ်းလိုက်သည့် ခန္ဓာကိုယ်အပြင်ဘက် နေရာတွင် အလုပ် လုပ်ရန် စီစဥ်ထားကြောင်းနှင့် ခန္ဓာကိုယ်အတွင်း ကိုယ်ခံစွမ်းအား ထုတ်လုပ်ရသော COVID-19 ကာကွယ်ဆေးများနှင့်မတူကြောင်း ၎င်းကဆိုသည်။
ပဋိပစ္စည်းအခြေခံ ဖြန်းဆေးမှာ ဗိုင်းရပ်စ်ကို နှာခေါင်းမှတစ်ဆင့် ခန္ဓာကိုယ်ကို ကူးစက်ခြင်းမရှိရန် ရပ်တန့်စေကြောင်းနှင့် အသက်ရှူလမ်းကြောင်းအတွင်းသို့ COVID-19 အဓိကဝင်ပေါက်မှာ နှာခေါင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆထားကြကြောင်း သိရသည်။
"ပဋိပစ္စည်းအခြေခံ နှာခေါင်းအတွင်း ဖြန်းဆေးကိုသုံးခြင်းဖြင့် ပဋိပစ္စည်းက COVID-19 ကို ချုပ်ထားလိမ့်မှာဖြစ်ပြီး ခန္ဓာကိုယ်အတွင်း မဝင်ရောက်စေရန် တားဆီးပါလိမ့်မယ်" ဟု ဒေါက်တာ Nakarin Sirisabya က ရှင်းပြသည်။
COVID-19 ကာကွယ်ရန် နှာခေါင်းဖြန်းဆေး တီထွင်ထုတ်လုပ်ရာတွင် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းတက္ကသိုလ်၏ Faculty of Medicine အပါအအဝင် Government Pharmaceutical Organization ၊ Health Systems သုတေသနအဖွဲ့အစည်း၊ Silpakorn တက္ကသိုလ်နှင့် ပုဂ္ဂလိကကုမ္ပဏီ Hibiocy Co. Ltd. တို့လည်း ပူးပေါင်းပါဝင်ကြသည်။
ထိုနှာခေါင်းဖြန်းဆေးကို မကြာမီ National Cancer Institute တွင် မိမိသဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်လိုသူများနှင့် စမ်းသပ်သွားရန် မျှော်မှန်းထားသည်။
စမ်းသပ်မှုများ ပြီးဆုံးအောင်မြင်ချိန်တွင် ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA Thailand) ထံသို့ တင်ပြသွားမည်ဖြစ်ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဥ် စတင်ရန် FDA ခွင့်ပြုချက်လိုအပ်မည်ဟု ဆိုသည်။
COVID-19 ကာကွယ်သည့် နှာခေါင်းဖြန်းဆေးကို ထုတ်လုပ်ရေးပိုင်း တာဝန်ယူထားသည့် Government Pharmaceutical Organization ၏ အဆိုအရ နှာခေါင်းဖြန်းဆေးကို ယခုနှစ် တတိယသုံးလပတ်အတွင်း စတင်ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
Source: CNA