အင်ဒိုနီးရှားနိုင်ငံတွင် ဘောလုံးပွဲစဥ်တစ်ခုအတွင်း လူအုပ်စုလိုက် လဲပြိုကျမှုများကြောင့် အနည်းဆုံး သေဆုံးသူ (၁၂၉) ဦးကနေ (၁၇၄)ဦးအထိ မြင့်တက်ခဲ့ပြီး ဒဏ်ရာရရှိသူ (၁၀၀)ကျော် ရှိနေကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။
ယခုဖြစ်ရပ်မှာ ကမ္ဘာ့အဆိုးဆုံး အားကစားကွင်းဘေးအန္တရာယ်ဖြစ်မှုများအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့ကြောင်းလည်း သိရသည်။
ရဲတပ်ဖွဲ့က ဆူပူသောင်းကျန်းသည့် ပရိသတ်များကို မျက်ရည်ယိုဗုံးဖြင့် လူစုခွဲရန် ကြိုးပမ်းခဲ့ရာမှ လူအုပ်စုလိုက် ကြောက်လန့်တကြား စုပြုံတိုးဝှေ့ ထွက်ပြေးရန်ကြိုးပမ်းစဥ် လဲပြိုကျမှုများ ဖြစ်ပွားခဲ့သည်။
အရှေ့ဂျာဗားတွင် ခါးသီးသည့် ပြိုင်ဘက် ဘောလုံးအသင်း (၂) သင်းဖြစ်ကြသည့် Arema FC နှင့် Persebaya Surabaya တို့၏ ပွဲစဥ်၌ Arema FC က (၂) ဂိုး (၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး၏ အဆိုအရ ယခုဖြစ်ရပ် ဖြစ်ပွားခဲ့သည့် အားကစားကွင်းမှာ ပရိသတ် (၄၀,၀၀၀) ခန့် ဝင်ဆံ့ခြင်းဖြစ်သော်လည်း ထိုအရေအတွက်ထက် ပိုများခဲ့သည်ဟု သိရသည်။
သမ္မတဂျိုကိုဝီဒိုဒိုက ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု ပြီးဆုံးချိန်အထိ အင်ဒိုနီးရှားထိပ်တန်းလိဂ် Liga 1 ဘောလုံးပြိုင်ပွဲ ပွဲစဥ်များအားလုံး ရပ်ဆိုင်းထားရန် ညွှန်ကြားလိုက်သည်။
ဗီဒီယိုမှတ်တမ်းများအရ ပွဲကြည့်ပရိသတ်များမှာ ပွဲပြီးဆုံးသည့် နောက်ဆုံးခရာမှုတ်ချိန်တွင် ကွင်းထဲသို့ ပြေးဆင်းလာခဲ့ကြသည်ကို တွေ့ရသည်။ ထိုအချိန်တွင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့ရာ လူအုပ်စု လဲပြိုကျမှုနှင့် အသက်ရှူကျပ်မှုများ ဖြစ်ခဲ့ကြကြောင်း အရှေ့ဂျာဗား ရဲတပ်ဖွဲ့အကြီးအကဲ Nico Afinta က ပြောသည်။
"မင်းမဲ့စရိုက်ဆန်လာတယ်။ သူတို့က ရဲအရာရှိတွေကို စတင်တိုက်ခိုက်ကြတယ်။ ကားတွေကို ဖျက်ဆီးကြတယ်။ သေဆုံးသူတွေထဲမှာ ရဲအရာရှိ (၂) ဦးလည်းပါတယ်" ဟု Nico Afinta က ဆိုသည်။
"အားလုံးက မင်းမဲ့စရိုက်တွေတော့ မဟုတ်ဘူး။ ကွင်းထဲကို ပြေးဆင်းလာတဲ့သူက (၃,၀၀၀) လောက်ပဲရှိပါတယ်" ဟု ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။
အားကစားကွင်းအပြင်ဘက်ကို ထွက်ပြေးရန်ကြိုးပမ်းကြသည့် ပရိသတ်များမှာ ထွက်ပေါက်နေရာတွင် စုပြုံနေခဲ့ကြပြီး အသက်ရှူကျပ်မှု၊ အောက်စီဂျင်ပြတ်မှုများ ဖြစ်ခဲ့ကြကြောင်းလည်း Noco Afinta က ပြောသည်။
ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဗီဒီယိုများအရ ပရိသတ်များမှာ အားကစားကွင်းအပြင်ထွက်နိုင်ရန် ခြံစည်းရိုးများပေါက်ကို တွယ်တက်နေကြသည်ကို တွေ့ရသည်။
နောက်ထပ် သီးခြားဗီဒီယိုတစ်ခုတွင်မူ ကြမ်းပြင်ပေါ်တွင် သေဆုံးနေသည့် အလောင်းများကို တွေ့ရသည်။
ဘောလုံးပွဲစဥ်များတွင် ပွဲထိန်းသိမ်းသူများ သို့မဟုတ် ရဲတပ်ဖွဲ့အနေဖြင့် လူစုလူဝေးထိန်းချုပ်ရေး မျက်ရည်ယိုဗုံးကဲ့သို့ ဓာတ်ငွေ့ကို ယူဆောင်မလာသင့်ကြောင်း သို့မဟုတ် အသုံးမပြုသင့်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့အချုပ် FIFA က ပြောထားသည်။
အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် PSSI က စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ယခုဖြစ်ရပ်က အင်ဒိုနီးရှားဘောလုံးလောကကို ဂုဏ်သိက္ခာကျစေသည်ဟု ပြောသည်။
အင်ဒိုနီးရှားတွင် ဘောလုံးပွဲများ၌ အကြမ်းဖက်မှုဖြစ်ရပ်မှာ အသစ်အဆန်း မဟုတ်ဟုဆိုသည်။
Arema FC နှင့် Persebaya Surabaya ဘေားလုံးအသင်းတို့မှာ ကာလရှည်ကြာ ခါးသီးသည့် ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်။
ခိုက်ရန်ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်မှုကြောင့် Persebaya Surabaya ပရိသတ်များအား ဘောလုံးပွဲလက်မှတ် ဝယ်ယူခြင်းမှ ပိတ်ပင်ထားသည်။
သို့သော် လုံခြုံရေးဝန်ကြီး Mahfud MD က Instagram တွင် ပို့စ်တင်ထားမှုအရ Kanjuruhan အားကစားကွင်း၌ ယှဥ်ပြိုင်ကစားသည့် ယခု ဘောလုံးပွဲစဥ်အတွက် လက်မှတ် (၄၂,၀၀၀) ရောင်းချထားခဲ့ကြောင်းနှင့် ထိုအားကစားကွင်းမှာ ပရိသတ် (၃၈,၀၀၀) ဝင်ဆံ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုဖြစ်ရပ်မှာ အားကစားကွင်းများတွင် ဘေးအန္တရာယ်ဖြစ်ပွားမှုများအနက် နောက်ဆုံးတစ်ခုလည်း ဖြစ်လာသည်။
၁၉၆၄ ခုနှစ်က ပီရူးနိုင်ငံ Lima မြို့တွင် ယှဥ်ပြိုင်ကစားခဲ့သည့် ပီရူးနှင့်အာဂျင်တီးနားတို့၏ အိုလံပစ်ခြေစစ်ပွဲစဥ်အတွင်း လူအုပ်စု လဲပြိုကျမှုကြောင့် စုစုပေါင်း လူ (၃၂၀) သေဆုံးခဲ့ပြီး (၁,၀၀၀) ကျော် ဒဏ်ရာရခဲ့သည်။
ဗြိတိန်တွင် ၁၉၈၉ ခုနှစ်က ရှက်ဖီးမြို့ရှိ Hillsborough အားကစားကွင်းတွင် အလားတူဖြစ်ရပ်ကြောင့် လီဗာပူးဘောလုံးအသင်း ပရိသတ်များ သေဆုံးခဲ့ကြောင်း သိရသည်။
Source: BBC
Photo: REUTERS/Willy Kurniawan, REUTERS