အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို Category 5 အဆင့်နီးပါးရှိ ဟာရီကိန်းမုန်တိုင်း ဦးတည်

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို Category 5 အဆင့်နီးပါးရှိ ဟာရီကိန်းမုန်တိုင်း ဦးတည်
စက်တင်ဘာ 29, 2022 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၏ ပင်လယ်ကွေ့ကမ်းရိုးတန်းသို့ ပိုမိုနီးကပ်လာသည့် ဟာရီကိန်းမုန်တိုင်း Ian မှာ စက်တင်ဘာလ (၂၈) ရက်နေ့တွင် အလွန်အန္တရာယ်ရှိသည့် Category 4 အဆင့် မုန်တိုင်းအဖြစ် အားကောင်းလာခဲ့ကြောင်း သိရသည်။ 

မုန်တိုင်းအန္တရာယ်ကြောင့် ဒေသခံများမှာ ကုန်စုံဆိုင်များတွင် ပစ္စည်းပြတ်သည်အထိ လိုအပ်သည်များ ဝယ်ယူခဲ့ကြပြီး ပြတင်းပေါက်များကို သစ်သားပြားများဖြင့် ပိတ်ကာထားကာ ရွှေ့ပြောင်းခိုလှုံရန် နေရာများသို့ သွားရောက်နေကြသည်။

အမေရိကန် ဟာရီကိန်းစင်တာ National Hurricane Center (NHC) က နောက်ဆုံးအခြေအနေ ထုတ်ပြန်ချက်အရ ဟာရီကိန်းမုန်တိုင်း Ian မှာ ဖလော်ရီဒါပြည်နယ် Punta Gorda မြို့၏ အနောက်တောင်ဘက် မိုင် (၈၀) ခန့်အကွာတွင် တည်ရှိနေပြီး လေတိုက်နှုန်း တစ်နာရီလျှင် (၁၅၅) မိုင်အထိဖြင့် အလွန်းအားကောင်းစွာ တိုက်ခတ်နေကြောင်း သိရသည်။ 

ဟာရီကိန်း Ian ၏ လေတိုက်နှုန်းမှာ Category 5 အဆင့်နီးပါး အားကောင်းလာနေကြောင်း CNN သတင်းက ဖော်ပြသည်။

NHC ထုတ်ပြန်ချက်က မုန်တိုင်း Ian ကို Category 4 အဆင့် အလွန်အန္တရာယ်ရှိသည့် ဟာရီကိန်းမုန်တိုင်းအဖြစ် သတ်မှတ်ဖော်ပြခဲ့သော်လည်း ကုန်းတွင်းပိုင်းကို ဝင်ရောက်လာချိန်တွင် အားလျော့သွားမည်ဟု ခန့်မှန်းထားသည်။ 

မုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကြုံရနိုင်ပြီး လေဆင်နှာမောင်းတိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း Florida Division of Emergency Management ၏ ညွှန်ကြားရေးမှူး Kevin Guthrie က သတိပေးသည်။ 

"နေအိမ်နဲ့ အဆောက်အအုံတွေထဲမှာ နေကြပါ။ ပြတင်းပေါက်တွေနဲ့ အဝေးမှာ နေကြပါ" ဟု ၎င်းကပြောသည်။

ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis ကလည်း Collier, Lee, Charlotte နှင့် Sarasota ကောင်တီများရှိ ဒေသခံများအနေဖြင့် ဘေးကင်းစွာဖြင့် ရွှေ့ပြောင်းနိုင်ခြင်း မရှိတော့ကြောင်းနှင့် လမ်းပေါ်မထွက်ဘဲ အိမ်ထဲမှာပင်နေကြရန် သတိပေးခဲ့သည်။ 

ဟာရီကိန်း Ian တိုက်ခတ်မှုကြောင့် လှိုင်းကြီးခြင်း၊ အသက်အန္တရာယ်ရှိနိုင်သည့် ကမ်းရိုးတန်းတစ်လျှောက်‌ ရေကြီးခြင်းနှင့် အချို့နေရာများတွင် မိုးရေချိန် (၁) လက်မကျော် ရွာသွန်းနိုင်ကြောင်း NHC သတိပေးချက် ထုတ်ပြန်ထားသည်။

အာဏာပိုင်များက ဒေသခံ (၂.၅) သန်းကျော်ကို ၎င်းတို့၏ နေအိမ်များမှ ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းထားသည်။ 

ဟာရီကိန်းမုန်တိုင်း Ian က ကျူးဘားနိုင်ငံကို စက်တင်ဘာလ (၂၇) ရက်နေ့တွင် ဖြတ်သန်းတိုက်ခတ်ခဲ့ရာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပြီး အပျက်အစီးအများအပြား ဖြစ်ပေါ်ခဲ့သည်။ 

ထိုမုန်တိုင်းမှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို ဒေသစံတော်ချိန် စက်တင်ဘာလ (၂၈) ရက် ညနေပိုင်းတွင် Tampa Bay ၏ တောင်ဘက် Sarasota နှင့် Naples မြို့များကြား တစ်နေရာရာကနေ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

Source: Reuters, CNN

Photo:  REUTERS/Shannon Stapleton,REUTERS/Marco Bello, REUTERS/Steve Nesius, Gwen Filosa,