အာဖဂန်နစ္စတန်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးခဲ့သူများအနက် ကလေးအများအပြား ပါဝင်နိုင်ကြောင်း ဆရာဝန်များက ပြောသည်။
ဇွန်လ (၂၂) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁) နာရီခွဲကျော်အချိန်က အာဖဂန်အရှေ့တောင်ပိုင်း Khost မြို့မှ (၂၇) မိုင်အကွာတွင် လှုပ်ခတ်ခဲ့သည့် အင်အား (၆.၁) အဆင့်ရှိ ငလျင်ကြောင့် လူ (၁,၀၀၀) ကျော် သေဆုံးခဲ့ပြီး မိုးသည်းထန်မှု၊ ကယ်ဆယ်ရေးပစ္စည်းများ ဟောင်းနွမ်းနေမှုနဲ့ ကြမ်းတမ်းသည့် မြေပြင်အခြေအနေတို့က ကယ်ဆယ်ရေးသမားများကို အခက်အခဲဖြစ်စေသည်။
ငလျင်ကြောင့် အပျက်အစီးများအောက်တွင် လူအရေအတွက်မည်မျှ မြုပ်သွားခဲ့ကြောင်း အတိအကျ မသိနိုင်ဟု ဆိုသည်။
အာဖဂန်တွင် လက်ရှိအာဏာရထားသည့် တာလီဘန်အုပ်စုက နိုင်ငံတကာအကူအညီများ နောက်ထပ် တောင်းခံထားကြောင်း သိရသည်။
ငလျင်ကြောင့် ဆက်သွယ်ရေးကွန်ရက်များလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့သည်။
ငလျင်ဒဏ်ကို အဆိုးဆုံးခံခဲ့ရသည့် Paktika ပြည်နယ်အတွင်းရှိ နေရာများသို့ အရေးပေါ် အမိုးအကာနှင့် စားနပ်ရိက္ခာများ ပေးပို့ထောက်ပံ့ရန် ကုလသမဂ္ဂအပါအဝင် အကူအညီပေးရေး အဖွဲ့အစည်းများ ရုန်းကန်နေရသည်။
အာဖဂန်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ယခု သဘာဝဘေးအန္တရာယ် မဖြစ်မီကပင် ပြိုလဲလုနီးပါး အခြေအနေ ရင်ဆိုင်နေခဲ့ရသည်။
ငလျင်ဗဟိုချက်အနီးရှိ လုံးဝပျက်စီးသွားသော ကျေးရွာများမှ ရွာခံများက BBC ကို ပြောကြားမှုအရ လမ်းမများနဲ့ မိုးဘိုင်းဖုန်းတာဝါတိုင်များ ပျက်စီးခဲ့ကြောင်းနှင့် သေဆုံးသူအရေအတွက် ထပ်တိုးလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် လူ (၁,၅၀၀) ခန့် ဒဏ်ရာရခဲ့ကြောင်းလည်း တာဝန်ရှိသူတွေက ပြောသည်။
ငလျင်ကြောင့် သေဆုံးဒဏ်ရာသူ အများစုမှာ Paktika ပြည်နယ် Gayan နှင့် Barmal ခရိုင်တို့မှဖြစ်ပြီး ကျေးရွာများ ဒါဇင်နှင့်ချီ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
Paktika ပြည်နယ်မြို့တော်ရှိ ဆေးရုံတစ်ရုံတွင် ရောက်ရှိနေသူ အမျိုးသမီးတစ်ဦးက ငလျင်ကြောင့် ၎င်း၏ မိသားစုဝင် (၁၉) ဦး သေဆုံးခဲ့သည်ဟု ပြောသည်။
"ခုနစ်ယောက်က အခန်းတစ်ခန်းထဲမှာ၊ ငါးယောက်က နောက်တစ်ခန်းမှာ၊ နောက်ထပ် လေးယောက်က တစ်ခန်းနဲ့ နောက်သုံးယောက်က အခန်းတစ်ခန်းထဲမှာပါ။ ကျွန်မ မိသားစုမှာ သူတို့အားလုံး သေဆုံးခဲ့ကြတယ်" ဟု ဆေးရုံတွင် ကုသမှုခံယူနေရသည့် ထိုအမျိုးသမီးက ပြန်ပြောပြခဲ့သည်။
ကျေးလျက်ဒေသ အများအပြားရှိပြီး ထိုဒေသများတွင် နေအိမ်များ ခိုင်ခံ့မှုမရှိခြင်း သို့မဟုတ် တည်ဆောက်မှုစနစ် အားနည်းခြင်းတို့ကြောင့် အာဖဂန်တွင် ငလျင်ကြောင့် သိသိသာသာ သေဆုံးဒဏ်ရာရမှုနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လေ့ရှိသည်။
အာဖဂန်တွင် လွန်ခဲ့သည့် (၁၀) နှစ်အတွင်း ငလျင်လှုပ်မှုများကြောင့် လူ (၇,၀၀၀) ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အချက်အလက်များအရ သိရှိရသည်။ အာဖဂန်တွင် ငလျင်ကြောင့် တစ်နှစ်လျှင် ပျမ်းမျှ သေဆုံးသူ (၅၆၀) ရှိနေသည်။
Source: BBC, Reuters