အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေး ပထမနေ့တွင် အာဆီယံဒေသတွင်း အခြေခံ အအောက်အအုံ၊ လုံခြုံရေး၊ ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုတို့တွင် အမေရိကန်ဒေါ်လာ သန်း (၁၅၀) အသုံးပြုသွားမည်ဟု သမ္မတဂျိုးဘိုင်ဒန်က ကတိပြု ပြောကြားလိုက်သည်။
ပြိုင်ဘက် တရုတ်နိုင်ငံက အာဆီယံအပေါ် လွှမ်းမိုးလာမှုကို တန်ပြန်ရန်ရည်ရွယ်ပြီး အမေရိကန်သမ္မတက အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံစဥ် ထိုသို့ ကမ်းလှမ်းလိုက်ခြင်းလည်း ဖြစ်သည်။
နှစ်ရက်ကြာ ကျင်းပပြုလုပ်မည့် အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေးကို မေလ (၁၂) ရက်တွင် စတင်ခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်က အာဆီယံခေါင်းဆောင်များကို အိမ်ဖြူတော်တွင် ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထိပ်သီးအစည်းအဝေး ဒုတိယနေ့ဖြစ်သည့် မေလ (၁၃) ရက်နေ့တွင် ဂျိုးဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များက အာဆီယံဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဟု အမေရိကန်အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် အစီအစဥ်အရ သိရှိရသည်။
သမ္မတအိမ်ဖြူတော်တွင် ကျင်းပပြုလုပ်သည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံအနက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ဗီယက်နမ်၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ တက်ရောက်ကြသည်။
စစ်တပ်က အာဏာသိမ်းထားသည့် အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံကိုတော့ ထိပ်သီးအစည်းအဝေးကနေ ချန်လှပ်ထားခဲ့ပြီး စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့်မရခဲ့ပေ။
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သမ္မတဂျိုးဘိုင်ဒန်က ကတိပြုခဲ့သည့် ငွေကြေးအကူအညီအသစ်တွင် အာဆီယံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ကျောက်မီးသွေးကဲ့သို့ ကာဗွန်အသုံးပြုမှု လျှော့ချရန်ရည်ရွယ်သည့် အခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံမည့် ဒေါ်လာ သန်း (၄၀)၊ ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ဒေါ်လာ သန်း (၆၀)၊ COVID-19 နှင့် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါများကို စောစီးစွာ စစ်ဆေးသိရှိနိုင်ရန် ကျန်းမာရေးအကူအညီအတွက် ဒေါ်လာ (၁၅) သန်းတို့ ပါဝင်ကြောင်း သိရသည်။
နောက်ထပ် ငွေကြေးအကူအညီမှာ အာဆီယံနိုင်ငံများတွင် ဒစ်ဂျစ်တယ်စီးပွားရေး (digital economy) နှင့် ဉာဏ်ရည်တု (artificial intelligence) ဆိုင်ရာ ဥပဒေများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီသွားရန်ဖြစ်သည်ဟု ဆိုသည်။
အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း သင်္ဘောတစ်စီးကို အာဆီယံဒေသတွင် ဖြန့်ကျချထားပြီး ပင်လယ်ရေးကြောင်းလုံခြုံရေးတွင် ဒေသတွင်း ရေတပ်သင်္ဘောများကို ကူညီသွားမည်ဖြစ်သည်။
အာဆီယံဒေသတွင်း ပင်လယ်ပြင်တွင် တရုတ်ဘက်က တရားမဝင် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်မှုတွေကို တန်ပြန်သွားရာတွင် ဒေသတွင်း ရေတပ်သင်္ဘောများကို အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ကူညီသွားမည်ဟု ဆိုသည်။
အမေရိကန်အစိုးရက အာဆီယံနိုင်ငံများအပေါ် ၎င်း၏ပြိုင်ဘက် တရုတ်က လွှမ်းမိုးလာမှုကို စိုးရိမ်ပူပန်မှုများရှိနေပြီး တုံ့ပြန်ဆောင်ရွက်မှုအဖြစ် အာဆီယံခေါင်းဆောင်များနှင့် ထိပ်သီးအစည်းအဝေးလုပ်ကာ ဆွေးနွေးခြင်းလည်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးနှင့် အထွေထွေအကျပ်အတည်း ဖြစ်ပေါ်နေသည့် အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်း ဆွေးနွေးသွားကြမည်ဟု မျှော်လင့်ရသည်။
#TachileikNewsAgency
Source: Reuters