ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်းက လက်ရှိသမ္မတကို အနိုင်ရပြီး တစ်ကျော့ပြန် သမ္မတ ပြန်ဖြစ်လာမည်

ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်းက လက်ရှိသမ္မတကို အနိုင်ရပြီး တစ်ကျော့ပြန် သမ္မတ ပြန်ဖြစ်လာမည်
အောက်တိုဘာ 31, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဘရာဇီးနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗားက လက်ရှိသမ္မတ ဘိုလ်ဆွန်နာရိုကို သိပ်မကွာသည့် မဲရလဒ်ဖြင့် အနိုင်ရရှိပြီး အံ့အားသင့်ဖွယ် တစ်ကျော့ပြန် သမ္မတဖြစ်လာတော့မည်ဟု သိရသည်။ 

လက်ဝဲဝါဒီ လူလာဒါဆေးလ်ဗား၏ ရွေးကောက်ပွဲအနိုင်ရရှိမှုက ဆယ်စုနှစ်များအတွင်း ဘရာဇီးနိုင်ငံတွင် လက်ယာစွန်းအရောက်ဆုံး အစိုးရတစ်ရပ်၏ အဆုံးသတ်လည်း ဖြစ်သည်။

အောက်တိုဘာလ (၃၀) ရက်နေ့က ကျင်းပပြုလုပ်သည့် ဒုတိယအကျော့ ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် မဲပေးစက်များ၏ (၉၉.၁) ရာခိုင်နှုန်း မဲရေတွက်ပြီးစီးချိန်၌ လူလာဒါဆေးလ်ဗားက မဲအရေအတွက် (၅၀.၈) ရာခိုင်နှုန်းနှင့် ဘိုလ်ဆွန်နာရိုက (၄၉.၂) ရာခိုင်နှုန်း ရရှိခဲ့ရာ သမ္မတရွေးကောက်ပွဲရလဒ်ကို သင်္ချာနည်းအရ သတ်မှတ်ရန် လုံလောက်ခဲ့ပြီဟု ရွေးကောက်ပွဲတရားရုံးချုပ်က ပြောသည်။

လူလာဒါဆေးလ်ဗားနှင့် ဘိုလ်ဆွန်နာရိုတို့မှာ အောက်တိုဘာလ (၂) ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကျော့ ရွေးကောက်ပွဲတွင် နှစ်ဦးစလုံး မဲအရေအတွက် ထက်ဝက်ကျော် မရရှိခဲ့မှုကြောင့် ဒုတိယအကျော့အဖြစ် အောက်တိုဘာလ (၃၀) ရက်နေ့တွင် ထပ်မံ ယှဥ်ပြိုင်ရွေးကောက်ခံခဲ့ရခြင်းလည်း ဖြစ်သည်။ 

ယခုနှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ (၁၅၆)သန်းရှိခဲ့ကြောင်း သိရသည်။

၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဘရာဇီးသမ္မတအဖြစ် သက်တမ်း (၂) ကြိမ်ဆက် တာဝန်ယူခဲ့သူ လူလာဒါဆေးလ်ဗားမှာ အဂတိလိုက်စားမှု အရှုပ်အထွေးများနှင့် ပတ်သက်ခဲ့ပြီးနောက် နိုင်ငံရေးနယ်ပယ်တွင် နေရာပြန်ရလာရန် ကြိုးပမ်းနေခဲ့သည်။ 

၎င်းမှာ အဂတိလိုက်စားမှုဖြင့် ၂၀၁၇ ခုနှစ်တွင် ထောင်ဒဏ် (၉) နှစ် ချမှတ်ခံခဲ့ရသည်။ 

သို့သော် ၂၀၂၁ ခုနှစ် မတ်လတွင် တရားရုံးက လူလာဒါဆေးလ်ဗား၏ ပြစ်ဒဏ်ကို ပယ်ဖျက်ခဲ့ရာ ၎င်းအတွက် နိုင်ငံရေးနယ်ပယ်သို့ ပြန်လာနိုင်ရန် လမ်းပွင့်သွားခဲ့သည်။

အသက် (၇၇) နှစ်အရွယ် လူလာဒါဆေးလ်ဗားမှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ဟောင်းဖြစ်ပြီး ၁၉၇၀ ပြည့်လွန် နှစ်များအတွင်း ဘရာဇီးစစ်အစိုးရကို အာခံလျက် အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရရှိရေး ဆန္ဒပြတောင်းဆိုမှုများတွင် ထင်ရှားသူတစ်ဦး ဖြစ်ခဲ့သည်။ 

တတိယမြောက် သမ္မတသက်တမ်းအတွက် ရွေးကောက်ပွဲအနိုင်ရခဲ့သည့် လူလာဒါဆေးလ်ဗားက အိမ်ထောင် (၃) ဆက် ရှိသူလည်းဖြစ်ပြီး ပထမနှင့် ဒုတိယ ဇနီးများမှာ ကွယ်လွန်သွားပြီဖြစ်ကာ တတိယဇနီးဖြစ်သူနှင့် ၂၀၂၂ ခုနှစ်တွင် လက်ထပ်ခဲ့ကြောင်း သိရသည်။

Source: CNN, Reuters

Photo: Lucas Landau/Reuters,