ဘန်ကောက်မြို့တွင် အောက်စီဂျင်အိုး ပေါက်ကွဲမှုကြောင့် အလုပ်သမားတစ်ဦး သေဆုံး

Photo: Eag Boonwipa
Photo: Eag Boonwipa
ဘန်ကောက်မြို့တွင် အောက်စီဂျင်အိုး ပေါက်ကွဲမှုကြောင့် အလုပ်သမားတစ်ဦး သေဆုံး
By Mr John

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နောင်ခမ်းဖလူ ဧရိယာတွင် အောက်စီဂျင်အိုး ပေါက်ကွဲမှုကြောင့် အလုပ်သမားတစ်ဦး သေဆုံးပြီး (၂) ထပ် နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 ဘန်ကောက်မြို့ နောင်ခမ်း ခရိုင်အတွင်း နောင်ခမ်းဖလူ ဧရိယာတွင် ပေါက်ကွဲမှုတစ်ခု  ၂၀၂၄ ခုနှစ် မေလ (၂၂) ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောက်စီဂျင်အိုး ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာမှာ (၂) ထပ် နေအိမ်ဖြစ်ပြီး ထိုနေအိမ်တွင် အောက်စီဂျင်အိုး လက်ကားရောင်းသည့်လုပ်ငန်း လုပ်ကိုင်နေကြောင်း သိရသည်။ 

နေအိမ်၏ မြေညီထပ်ကို အောက်စီဂျင်အိုးများ သိုလှောင်ခန်းအဖြစ် အသုံးပြုထားပြီး ထိုနေအိမ်ရှေ့တွင် အောက်စီဂျင်အိုး (၁၀) အိုးကျော် တင်ဆောင်ထားသော ပစ်ကပ်ထရပ်ကားတစ်စီးကိုတွေ့ရသလို အဆိုပါ ကား အနီးတွင်  အသက် (၃၀) နှစ်အရွယ် အလုပ်သမား၏ အလောင်းကို တွေ့ရသည်။ 

ပေါက်ကွဲမှုကြောင့် ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ခန့် စုတ်ပြတ်ကာ ဒဏ်ရာအပြင်းအထန်ရထားခြင်း ဖြစ်ကြောင်းနှင့် ထိုအလုပ်သမားကို တွေ့ရှိချိန်တွင် အသက်ရှင်နေဆဲဖြစ်ပြီး တုံ့ပြန်မှုရှိခဲ့သေးသော်လည်း ခဏမျှ အကြာတွင် ဒဏ်ရာများကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းရှင်၏ ထုတ်ဖော်ပြောမှုအရ စက်ရုံများကနေ အောက်စီဂျင်အိုးများကို ယူဆောင်လာပြီး နေအိမ်တွင် အောက်စီဂျင် ပြန်ဖြည့်ကာ စက်ရုံများသို့ ပြန်ပို့သည့်လုပ်ငန်း လုပ်ကိုင်နေကြောင်း သိရသည်။

အလုပ်သမားများက ပစ်ကပ်ထရပ်ကားပေါ်မှ အောက်စီဂျင်အိုး အလွတ်များကို သယ်ယူနေစဥ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 အောက်စီဂျင်အိုး တစ်အိုးထဲတွင် ကျန်ရှိနေသော အောက်စီဂျင် အကြွင်းအကျန်ကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ယူဆရသော်လည်း ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်း အတိအကျကို မသိရသေးဟု ဆိုသည်။

 

Source: Bangkok Post

Photo: Eag Boonwipa