မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် အထင်ကြီး အားကျနေသည့် ရုရှား သမ္မတပူတင်က ယူကရိန်းစစ်ပွဲအတွက် အရန်တပ်ဖွဲ့ နှင့် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူရန် အမိန့် ထုတ်

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် အထင်ကြီး အားကျနေသည့် ရုရှား သမ္မတပူတင်က ယူကရိန်းစစ်ပွဲအတွက် အရန်တပ်ဖွဲ့ နှင့် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူရန် အမိန့် ထုတ်
စက်တင်ဘာ 21, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက် မျှော်မှန်းထားသည့်အတိုင်း စစ်ပွဲကို အလျင်အမြန် အောင်မြင် ပြီးမြောက်နိုင်ခြင်းမရှိ ဖြစ်နေသည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတွင် ပထမဆုံးအကြိမ် စစ်စည်းရုံးခြင်း အမိန့်ဒီကရီတစ်ရပ် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထင်ကြီး အားကျနေသည့် ရုရှား သမ္မတပူတင်သည် လက်ရှိတွင် ယူကရိန်းစစ်ပွဲအတွက် စစ်ရေးအခြေအနေအရ အရန်စစ်သည်များနှင့် စစ်မှုထမ်းဟောင်းများကို စစ်တပ်သို့ ခေါ်ယူသွားမည်ဖြစ်ပြီး ရုရှားတွင် တစ်စိတ်တစ်ပိုင်း စစ်စည်းရုံးမှုကို စက်တင်ဘာလ (၂၁) ရက်တွင် စတင်ပြီ ဖြစ်သည်။



ရုရှားသမ္မတ ပူတင်က အမိမြေ၊ လွတ်လပ်သည့် အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် မိမိတို့ ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ရန် တစ်စိတ်တစ်ပိုင်း စစ်စည်းရုံးမှုကို ကြေညာလိုက်သည်ဟု ဆိုသည်။ 

ပူတင်၏ ယခုအမိန့်ကြေညာမှုတွင် စစ်တပ်၏ အရန်တပ်ဖွဲ့တွင် ရှိနေသည့် အရပ်သားများ၊ စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ စစ်မှုထမ်းဟောင်းများ အကျုံးဝင်ကြောင်း သိရသည်။

ပူတင်က စစ်စည်းရုံးမှု ကြေညာလိုက်ပြီးနောက် ကြိုတင်ရိုက်ကူးထားသည့် ကာကွယ်ရေးဝန်ကြီး Sergey Shoigu နှင့် အင်တာဗျူးကို ရုရှားအစိုးရမီဒီယာက ထုတ်လွှင့်ခဲ့သည်ဟု ဆိုသည်။ 

ထိုအင်တာဗျူးတွင် တစ်စိတ်တစ်ပိုင်း စစ်စည်းရုံးမှု၌ စစ်ရေးအတွေ့အကြုံရှိသူများ ပါဝင်မည်ဟု ၎င်းက အတည်ပြုသည်။ 

ရုရှားစစ်တပ်က အရန်တပ်ဖွဲ့ဝင်နှင့် စစ်မှုထမ်းဟောင်း (၃၀၀,၀၀၀) ကို ခေါ်ယူသွားမည်ဟုလည်း ကာကွယ်ရေးဝန်ကြီး Sergey Shoigu က ပြောသည်။

ရုရှားသမ္မတပူတင်က "ကျွန်တော်တို့နိုင်ငံရဲ့  နယ်မြေတည်တံ့ခိုင်မြဲမှု ခြိမ်းခြောက်ခံရရင် ကျွန်တော်တို့ ပြည်သူတွေကို ကာကွယ်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို သုံးမှာပါ။ ဒါက စကားအဖြစ် ပြောနေတာ မဟုတ်ပါဘူး" ဟု ပူတင်က နိုင်ငံကိုပြောကြားသည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။ 

အနောက်အုပ်စုက ရုရှားကို နျူကလီးယား ခြိမ်းခြောက်အကျပ်ကိုင်မှု လုပ်နေသလို  ရုရှားကို ဖျက်ဆီးပစ်ချင်နေသည်ဟုလည်း သမ္မတ ပူတင်က စွပ်စွဲခဲ့သည်။ 

၎င်းက ပြောဆိုနေသည့် အနောက်အုပ်စုခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ရုရှားထံတွင် လက်နက်များစွာရှိကြောင်း ပူတင်ကပြောခဲ့ပြီး အထင်ကြီးစေရန် ပြောနေခြင်းမဟုတ်ဟု ဆိုသည်။ 

ယူကရိန်း၏ Donbas နယ်မြေရှိ မိမိတို့ပြည်သူများကို ကာကွယ်ရန် ရုရှားတွင်ရှိသည့် နည်းလမ်းအားလုံးကို အသုံးပြုသွားမည်ဟုလည်း ပူတင်က ပြောသည်။ 

ရုရှားသမ္မတပူတင်က နိုင်ငံ၏ လက်နက်ထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် ရန်ပုံငွေ တိုးမြှင့်သုံးစွဲရန်လည်း ညွှန်ကြားခဲ့သည်။

ထိုအတောအတွင်း ရုရှားက ခန့်အပ်ထားသည့် ယူကရိန်း၏ သိမ်းပိုက်ခံနယ်မြေ (၄) ခုမှ ခေါင်းဆောင်များက ရုရှားအုပ်ချုပ်မှုအောက်သို့ တရားဝင်ရောက်ရှိစေရန် လာမည့်ရက်များအတွင်း လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်သွားမည်ဟု ကြေညာခဲ့ရာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေကြသည့် ကမ္ဘာ့ခေါင်းဆောင်များက ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုကို လူသိရှင်ကြား ရှုတ်ချကြကြောင်း သိရသည်။

Source: BBC, Reuters