တရုတ်နိုင်ငံတောင်ပိုင်း ဟူနန် ပြည်နယ်၏ မြို့တော် Changshu မြို့ရှိ မိုးမျှော်တိုက်အဆောက်အအုံတစ်ခုတွင် စက်တင်ဘာလ (၁၆) ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းက မီးအကြီးအကျယ်လောင်မှု ဖြစ်ပွားခဲ့ကြောင်း အစိုးရမီဒီယာက ပြောသည်။
ဆိုရှယ်မီဒီယာတွင်တင်ထားသည့် မှတ်တမ်းအရ အထပ် (၄၂) ထပ်ပါသည့် မိုးမျှော်တိုက်တွင် ကြီးမားသည့် မီးတောက်များကို တွေ့ခဲ့ရသည်။
ထိုအဆောက်အအုံမှ ရုံးဝန်းထမ်းများ အလျင်အမြန် ရွှေ့ပြောင်းခဲ့ကြရသည်ဟု ဆိုသည်။
မိုးမျှော်တိုက်မှ မီးခိုးများ ထူထပ်စွာ ထွက်ပေါ်နေသည်ကိုလည်း တွေ့ရပြီး ထိုအဆောက်အအုံတွင် China Telecom ကုမ္ပဏီ၏ ဒေသဆိုင်ရာရုံးခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။
မီးလောင်မှုကို ငြှိမ်းသတ်ခဲ့ပြီးဖြစ်ကြောင်းနှင့် အသေအပျောက်သတင်းများ မရှိသေးကြောင်း အာဏာပိုင်များက ပြောသည်။
ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဓာတ်ပုံများအရ အမြင့် (၇၁၅) ပေရှိသည့် ထိုအဆောက်အအုံတွင် မီးလောင်နေမှုကို မီးသတ်သမားများက ငြှိမ်းသတ်ရန် ကြိုးပမ်းနေကြပြီး အဆောက်အအုံတစ်ခုလုံးတွင် မီးများတောက်လောင်နေသည်ကို ကြေက်မက်ဖွယ်ရာ တွေ့ရသည်။
နောက်ထပ် ဗီဒီယိုမှတ်တမ်းတစ်ခုတွင်မူ မီးတောက်လောင်နေသည့် အဆောက်အအုံ အပေါ်ထပ်များမှ အပျက်အစီးများ ပြုတ်ကျနေမှုနှင့် ဒါဇင်နှင့်ချီသည့် လူအများအပြား မီးလောင်မှုဖြစ်ပွားသည့်နေရာမှ ထွက်ပြေးနေကြသည်ကို တွေ့ရသည်။
တရုတ်အစိုးရမီဒီယာ၏ ဖော်ပြချက်အရ ထိုမိုးမျှောက်တိုက်အဆောက်အအုံကို ၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်းနှင့် လူဦးရေ (၁၀) သန်းရှိ Changsha မြို့လယ်တွင်တည်ရှိကြောင်း သိရသည်။
AFP သတင်းက ဖော်ပြခဲ့သည့် ထုတ်ပြန်ချက်တစ်ခုအရ တရုတ်အစိုးရပိုင် ဆက်သွယ်ရေးကုမ္ပဏီ China Telecom က ၎င်း၏ရုံးခန်းရှိရာ မိုးမျှော်တိုက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အတည်ပြုထားပြီး ဒေသစံတော်ချိန် ညနေ (၄) နာရီခွဲဝန်းကျင်တွင် မီးငြိမ်းခဲ့ကြောင်း ပြောထားသည်။
"အသေအပျောက်ရှိတာ မတွေ့ရသေးပါဘူး။ ဆက်သွယ်ရေးပြတ်တောက်မှု မရှိပါဘူး" ဟု ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
တရုတ်နိုင်ငံတွင် မီးအကြီးအကျယ်လောင်မှုများ အဖြစ်များပြီး ယခုနှစ်အစောပိုင်းကလည်း ရှန်ဟိုင်းမြို့ရှိ ဓာတုဗေဒစက်ရုံတစ်ရုံတွင် ကြီးမားသည့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
Source: BBC, CNA
Photo: ANONYMOUS/AFP, TWITTER@BNONEWS, TWITTER@SixthTone,