အိမ်နီးချင်းနိုင်ငံ ထိုင်းတွင် (၇)လခွဲအတွင်း ခရီးသွား (၃.၇၈) သန်း ဝင်ရောက်ခဲ့ပြီး မြန်မာကိုတော့  (၄) လအတွင်း (၂) သောင်းကျော်သာ ဝင်ရောက်ခဲ့

ထိုင်းနိုင်ငံ ဖူးခက်ဒေသတွင် ဒေသခံနှင့် ခရီးသွားများ နေဝင်ချိန်ကို ကြည့်နေကြစဉ် [REUTERS/Athit Perawongmetha]
ထိုင်းနိုင်ငံ ဖူးခက်ဒေသတွင် ဒေသခံနှင့် ခရီးသွားများ နေဝင်ချိန်ကို ကြည့်နေကြစဉ် [REUTERS/Athit Perawongmetha]
အိမ်နီးချင်းနိုင်ငံ ထိုင်းတွင် (၇)လခွဲအတွင်း ခရီးသွား (၃.၇၈) သန်း ဝင်ရောက်ခဲ့ပြီး မြန်မာကိုတော့  (၄) လအတွင်း (၂) သောင်းကျော်သာ ဝင်ရောက်ခဲ့
သြဂုတ် 20, 2022 | နိုင်ငံတကာသတင်း
By Mr John

 မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကို ၂၀၂၂ခုနှစ်၏ ဇန်နဝါရီလမှ ဩဂုတ်လ (၁၇) ရက်နေ့အထိ (၇) လခွဲအတွင်း ကမ္ဘာလှည့်ခရီးသွား (၃.၇၈) သန်း ဝင်ရောက်ခဲ့သော်လည်း မြန်မာနိုင်ငံကိုတော့ (၄)လအတွင်း (၂)သောင်းကျော်သာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုကာလအတွင်း ထိုင်းသို့လာရောက်ခဲ့သည့် ခရီးသွားများမှာ အဓိကအားဖြင့် မလေးရှား၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံတို့မှဖြစ်ပြီး ခရီးသွား လုပ်ငန်းဝင်ငွေ ဘတ် (၁၇၆) ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၉၃ သန်း) ရရှိခဲ့ကြောင်း ထိုင်းအစိုးရ၏ COVID-19 တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Taweesin Visanuyothin က ဆိုသည်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ လုံခြုံရေးပျက်ပြားမှုနှင့် အထွေထွေအကျပ်အတည်းများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင်မူ မေလမှ ဩဂုတ်လအထိ (၄) လအတွင်း နိုင်ငံခြားသားခရီးသွား (၂၀,၀၀၀) ကျော်သာ ဝင်ရောက်မှုရှိခဲ့ကြောင်း ပြည်တွင်းသတင်းအချို့၏ ဖော်ပြမှုအရ သိရှိရသည်။

ထိုင်းအစိုးရက ဆိုက်ရောက်ဗီဇာဖြင့် နေထိုင်ခွင့်သက်တမ်းကို အောက်တိုဘာလမှစပြီး (၁၅) ရက်မှ (၃၀) ရက်အဖြစ် တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ဆော်ဒီအာရေဗီးယားမှ ခရီးသွားများ အကျုံးဝင်မည် ဖြစ်သည်။ 

ထိုအစီအစဥ်က ကပ်ရောဂါကြောင့် ကျဆင်းခဲ့သည့် ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရက ပြောသည်။

ယမန်နှစ်အတွင်း ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာ (၄၂၈,၀၀၀) အထိ ကျဆင်းသွားခဲ့သည်။ 

ကပ်ရောဂမတိုင်မီ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ခရီးသွား သန်း (၄၀) နီးပါးအထိ စံချိန်တင် ဝင်ရောက်ခဲ့ပြီး နိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (gross domestic product - GDP) ၏ (၁၂) ရာခိုင်နှုန်းမှာ ခရီးသွားလုပ်ငန်းမှဖြစ်ခဲ့သည်။

အရှေ့တောင်အာရှ၏ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး ထိုင်းနိုင်ငံက ယခုနှစ်အတွင်း ပြည်ပခရီးသွား (၈) သန်း ဝင်ရောက်မည်ဟု မျှော်လင့်ထားကြောင်းနှင့် ယခင်က (၇) သန်းအဖြစ် ခန့်မှန်းထားမှုထက် (၁) သန်း ပိုများလာကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။ 

ထိုင်းနှင့်ကပ်လျက်တည်ရှိသည့် မြန်မာနိုင်ငံတွင်မူ စစ်အာဏာသိမ်းမှုကြောင့် ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်နေရာ ပြည်ပခရီးသွားဝင်ရောက်မှုကို များစွာရှိလာနိုင်မည် မဟုတ်သေးကြောင်း သုံးသပ်ကြသည်။

#TachileikNewsAgency

Source: Reuters