ထိုင်းနိုင်ငံတွင် လူငယ် (၂) ဦးကို ပြန်ပေးဆွဲမှုနှင့် သတ်ဖြတ်မှုအတွက် အလိုရှိနေသော ရာထူးမှ ထုတ်ပယ်ခံထားရသည့် နယ်ခြားစောင့်တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကို (၁၀) နှစ်နီးပါး ကြာပြီးနောက် နာရာသီဝပ်ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သည်။
ရဲတပ်ဖွဲ့ ကွန်မန်ဒိုများက အသက်(၃၉)နှစ်အရွယ်ရှိ ရဲတပ်ကြပ်ကြီး Khomkrit Maneewong ကို နာရာသီဝပ်ပြည်နယ် ချိုအိုက်ယောင်းဒေသရှိ နေအိမ်တစ်အိမ်ရှေ့တွင် ၂၀၂၄ ခုနှစ် မေလ (၈) ရက်နေ့က ဖမ်းမိခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို Central Investitation Bureau (CIB) က ဆိုသည်။
ရဲအရာရှိဟောင်း Khomkrit ကို လူသတ်မှုတွင် ပူးပေါင်းပါဝင်မှု၊ လက်နက်များ တရားမဝင် ပိုင်ဆိုင်မှုနှင့် အသုံးပြုမှု၊ လူသေဆုံးမှုဖြစ်စေသော တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှု အပါအဝင် စွဲချက်များဖြင့် အလိုရှိနေခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် ဇွန်လတွင် Sathing Phra ခရိုင်ရှိ Songkhla ရေကန်အတွင်း ပြန်ပေးဆွဲခံခဲ့ရသည့် အမျိုးသား (၂) ဦး၏ အလောင်းများ တွေ့ရှိရပြီးနောက် ရဲတပ်ဖွဲ့က ယခုအမှုကို စုံစမ်းစစ်ဆေးခဲ့သည်။
အသက် (၂၁)နှစ်ရှိ Phanu နှင့် အသက်(၁၇)နှစ်ရှိ Narenrit ဟူ၍သာ သိရှိရသည့် လူငယ် အမျိုးသား (၂) ဦးကို လက်နက်ကိုင် အမျိုးသားအုပ်စုတစ်ခုက ပြန်ပေးဆွဲသွားကြောင်း ၂၀၁၅ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် Singha Nakhon ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သတင်းရရှိခဲ့ကြသည်။
ထို့နောက် Phanu ၏ အလောင်းကို ၂၀၁၅ ခုနှစ် ဇွန်လ (၇) ရက်နေ့ ညနေပိုင်းတွင် Songkhla ရေကန်အတွင်း တွေ့ရသလို နောက်တစ်နေ့ နံနက်ပိုင်းတွင် Narenrit ၏ အလောင်းကိုလည်း ထိုရေကန်ထဲ၌ပင် တွေ့ရသည်။
Phanu ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာများ တွေ့ရပြီး Nsrenrit ထံတွင်မူ မာကျောသော အရာဝတ္တုတစ်ခုဖြင့် ထုရိုက်ထားသည်ဟု ယူဆရသည့် ဒဏ်ရာများ တွေ့ရသည်။
ရဲတပ်ဖွဲ့က ထိုအမှုကို စုံစမ်းစစ်ဆေးပြီး သံသယရှိသူများကို ဖော်ထုတ်နိုင်ခဲ့ပြီး တရားရုံးက သံသယရှိသူ (၅) ဦးကို ရှာဖွေဖမ်းဆီးရန် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် (၄) ဦးကို ဖမ်းဆီးရမိခဲ့သည်။
သို့သော် ကျန်ရှိနေသည့် သံသယရှိသူ ရဲအရာရှိဟောင်း Khomkrit က အဖမ်းမခံရစေရန် (၁၀) နှစ်နီးပါးကြာ ရှောင်တိမ်းနေနိုင်ခဲ့သည်။
(၁၀)နှစ်နီးပါး လာကြာလာပြီးနောက် ၎င်းကို ဖမ်းဆီးရမိစဥ် နေအိမ်မှ သေနတ် (၅) လက်နှင့် ကျည်ဆန်များကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။
စစ်ဆေး မေးမြန်းမှုအတွင်း ၎င်းသည် ဖမ်းဝရမ်း ထုတ်ခံထားရသည့် ရဲအရာရှိဟောင်းဖြစ်သော်လည်း သေဆုံးသူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း မဟုတ်ကြောင်းနှင့် ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိခဲ့သူအနေဖြင့်သာ ဖြစ်ကြောင်း ရဲအရာရှိဟောင်း Khomkrit က ဆိုသည်။
၎င်းကို ဆက်လက် စစ်ဆေး အရေးယူနိုင်ရန်အတွက် နာရာသီဝပ်ပြည်နယ် ချိုအိုက်ယောင်းရှိ ရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့သည်။
သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ Khomkrit ကို တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်သောကြောင့် ၂၀၁၄ ခုနှစ်အတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခဲ့ကြောင်းလည်း သိရသည်။
Source: Bangkok Post
Photo: CIB Thailand