တရုတ်နိုင်ငံအရှေ့ပိုင်းကို ယခုနှစ်၏ အားအကောင်းဆုံး တိုင်ဖွန်မုန်တိုင်း ဝင်မည်

Photo: Hector Retamal/AFP/Getty Images
Photo: Hector Retamal/AFP/Getty Images
တရုတ်နိုင်ငံအရှေ့ပိုင်းကို ယခုနှစ်၏ အားအကောင်းဆုံး တိုင်ဖွန်မုန်တိုင်း ဝင်မည်
စက်တင်ဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ အာဏာပိုင်များက ယခုနှစ်၏ အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းတစ်ခု ယနေ့ စက်တင်ဘာလ (၁၄) ရက်နေ့တွင် ကုန်တွင်းပိုင်းသို့ ဝင်ရောက်မည်ဖြစ်ရာ သင်္ဘောနှင့် ငါးဖမ်းစက်လှေများ ကမ်းပြန်ကပ်ကြရန် ညွှန်ကြားထားပြီး စာသင်ကျောင်းများ ပိတ်ထားရန်နှင့် အနီးအနားရှိ ကျွန်းများမှ ခရီးသွားများ ရွှေ့ပြောင်းရန် ပြောထားကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း Muifa က စက်တင်ဘာလ (၁၃) ရက်နေ့တွင် ပိုမိုအားကောင်းလာပြီး အမြွှာဆိပ်ကမ်းမြို့ (၂) မြို့ဖြစ်သည့် Ningbo နှင့် Zhoushan သို့ ဦးတည်ချဥ်းကပ်လာနေသည်။ 

ထိုဆိပ်ကမ်းမြို့ (၂) မြို့မှာ တရုတ်နိုင်ငံတွင် ကုန်တင်သင်္ဘော အဝင်အထွက် ဒုတိယအများဆုံးအဖြစ် ပူးတွဲရပ်တည်နေသည်။ အစိုးရသတင်းဌာနက ဖော်ပြမှုအရ ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ (၁၂) ခုမြောက် မုန်တိုင်းမှာ Wenling မြို့နှင့် Zhoushan မြို့ကြား ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး အရှေ့ပိုင်းနှင့် တောင်ပိုင်း ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သိရသည်။

ထိုဒေသများတွင် Ningbo နှင့် Zhoushan ၏ မြောက်ဘက်ရှိ တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့လည်း ပါဝင်နေကြောင်း တရုတ်အစိုးရသတင်းဌာန Xinhua က ပြောသည်။ 

မုန်တိုင်းကြောင့် ရှန်ဟိုင်းမြို့အနီး (၁၆) ပေအထိ မြင့်မားသည့် လှိုင်းလုံးများ တက်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။ 

မုန်တိုင်းအန္တရာယ်ရှိမှုကြောင့် ရှန်ဟိုင်းတွင် Yangshan နှင့် အခြား ဆိပ်ကမ်းနေရာများ အပါအဝင် ဆိပ်ကမ်းများ၏ လုပ်ငန်းအချို့ကို စက်တင်ဘာလ (၁၃) ရက် ညနေပိုင်းမှစပြီး ရပ်ဆိုင်းထားကြောင်းနှင့် စက်တင်ဘာလ (၁၄) ရက် နံနက်ပိုင်းတွင်မူ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားမည်ဟု Shanghai International Shipping Institute က ပြောသည်။

China Southern Airlines ကလည်း မုန်တိုင်းအန္တရာယ်ကြောင့် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ရှန်ဟိုင်းလေဆိပ်မှ လေကြောင်းခရီးစဥ် (၂၅) ခုကို ဖျက်သိမ်းခဲ့ကြောင်းနှင့် စက်တင်ဘာလ (၁၄) ရက်နေ့တွင် နောက်ထပ်ခရီးစဥ် (၁၁) ခုကို ဖျက်သိမ်းရန် စီစဥ်ထားကြောင်း ထုတ်ပြန်ထားသည်။

Zhoushan မြို့အနီးရှိ ကျွန်းများနှင့် ခရီးသွားနေရာများမှ လူဦးရေ (၁၃,၀၀၀) ခန့်ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာနက ဆိုသည်။ 

စက်တင်ဘာလ (၁၃) ရက် မွန်းလွဲပိုင်းမှစပြီး Zhejiang ပြည်နယ်တဝန်း ခရီးသည်တင်သင်္ဘော ဝန်ဆောင်မှုများ ရပ်ဆိုင်းထားပြီး ကုန်တင်သင်္ဘော (၇,၄၀၀) နီးပါးက Zhoushan, Ningbo နှင့် Taizhou အပါအဝင် Zheijiang ပြည်နယ်၏ ဆိပ်ကမ်းများတွင် ကျောက်ချရပ်နားထားကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း Muifa သက်ရောက်မှုရှိနိုင်သည့် မြို့ (၃) မြို့နှင့် ရှန်ဟိုင်းတွင် စုစုပေါင်း လူဦးရေ (၄၂.၂၆) သန်း နေထိုင်ကြသည်ဟု ဆိုသည်။ 

Zhejiang ပြည်နယ်အစိုးရက ငါးဖမ်းစက်လှေအားလုံး စက်တင်ဘာလ (၁၃) ရက် မွန်းမတည့်မီ ကမ်းပြန်ကပ်ကြရန် ညွှန်ကြားခဲ့သည်။ Ningbo, Zhoushan နှင့် Taizhou မြို့တို့တွင် စက်တင်ဘာလ (၁၄) ရက်နေ့၌ ကျောင်းများပိတ်ထားရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

Ningbo နှင့် Zhoushan မြို့ရှိ လေဆိပ်များတွင် စက်တင်ဘာလ (၁၄) ရက်နေ့အတွက် လေကြောင်းခရီးစဥ်အားလုံး ဖျက်သိမ်းထားကြောင်း လေယာဥ်ပျံသန်းမှု အချက်အလက်ဆိုင်ရာဝက်ဘ်ဆိုက် Variflight က Reuters သတင်းဌာနကို ပြောသည်။ 

တရုတ်မိုးလေဝသဌာနက ပြောကြားမှုအရ တိုင်ဖွန်း Muifa မှာ Zhejiang ပြည်နယ် Xiangshan မြို့၏ အရှေ့တောင်ဘက် (၃၀၄.၅) မိုင်အကွာတွင် ရှိနေကြောင်း သိရသည်။ 

ထိုမုန်တိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားပြီး အားလျော့သွားမည်ဖြစ်ကြောင်း တရုတ်မိုးလေဝသဌာန Central Meteorological Administration ပြောထားသည်။

Source: Reuters