မက္ကစီကိုနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် စမတ်ဖုန်းတစ်လုံး အော်ဒါမှာ ဝယ်ယူခဲ့သည့် အမျိုးသားတစ်ဦးမှာ ၎င်းထံသို့ ဖုန်းအစား လက်ပစ်ဗုံးတစ်လုံး ပါဆယ်ထုပ်ဖြင့် ရောက်ရှိလာခဲ့ရာ မျက်လုံးပြုးသွားခဲ့ရသည်။
အမည်မသိရသည့် ထိုအမျိုးသားက အွန်လိုင်းစတိုးတစ်ခုမှ Guanajuato ပြည်နယ် León မြို့ရှိ ၎င်း၏ နေအိမ်လိပ်စာသို့ စမတ်ဖုန်းတစ်လုံး ပို့ဆောင်ပေးရန် အော်ဒါမှာယူ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဩဂုတ်လ (၂၁) ရက်နေ့ ပါဆယ်ဘူး ရောက်ရှိလာချိန်တွင် ထိုအမျိုးသား၏ မိခင်က လက်ခံရယူခဲ့ပြီး မီးဖိုချောင်စားပွဲပေါ်တွင် တင်ထားခဲ့ကြောင်း Jam Press သတင်းက ဆိုသည်။
ထို့နောက် စမတ်ဖုန်း အော်ဒါမှာ ဝယ်ယူထားသည့် အမျိုးသားက ပါဆယ်ဘူးကို ဖွင့်ဖောက်လိုက်ရာ ဖုန်းအစား လက်ပစ်ဗုံးတစ်လုံးကို တွေ့လိုက်ရပြီး အံ့အားသင့် ထိတ်လန့်သွားပြီး ပါဆယ်ဘူးထဲမှ လက်ပစ်ဗုံးပုံမှာလည်း အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။
ပါဆယ်ဘူးထဲတွင် စမတ်ဖုန်းအစား လက်ပစ်ဗုံးကို တွေ့ရှိရပြီးနောက် ထိုအမျိုးအသားက အာဏာပိုင်များထံ ဖုန်းဆက်အကြောင်းကြားခဲ့ရာ ဗုံးရှင်းလင်းရေးအဖွဲ့ကို ၎င်း၏နေအိမ်သို့ စေလွှတ်ခဲ့ရသည်။
ထိုအတောအတွင်း အာဏာပိုင်များနှင့် Ministry of National Defense က အမျိုးသား၏ နေအိမ်နှင့် အနီးတဝိုက်ကို ဖြတ်သန်းသွားလာခြင်း မပြုရန် ပိတ်ဆို့ထားခဲ့သည်။
နောက်ဆုံးတွင် စစ်တပ် ဗုံးရှင်းလင်းရေးအဖွဲ့က လက်ပစ်ဗုံးကို အသက်မဲ့စေရန် လုပ်ဆောင်နိုင်ခဲ့ပြီး အာဏာပိုင်များက ယခုဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
မက္ကစီကိုတွင် တရားဝင် လက်ဝယ်ပိုင်ဆိုင်ခွင့်မရှိသော လက်ပစ်ဗုံးတစ်လုံးကို ထိုအမျိုးသားထံသို့ မည်သူက ပို့လိုက်သည်ကို အတိအကျ မသိရသေးဟု ဆိုသည်။
Source: NY Post