မြောက်ကိုရီးယားက နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ကိုယ်တိုင် ကြေညာ

Photo: The Silicon Review
Photo: The Silicon Review
မြောက်ကိုရီးယားက နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ကိုယ်တိုင် ကြေညာ
စက်တင်ဘာ 10, 2022 | နိုင်ငံတကာသတင်း
By Mr John

 မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ကိုယ်တိုင်ကြေညာသော ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်ပြီဖြစ်ပြီး ခေါင်းဆောင်ကင်မ်ဂျုံအန်က နောက်ပြန်လှည့်၍ မရကြောင်း ပြောသည်။ 

မြောက်ကိုရီးယားက နျူကလီးယားလက်နက်များကို ဘယ်တော့မှ စွန့်လွှတ်မည် မဟုတ်ကြောင်းနှင့် နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုများ မလုပ်နိုင်ကြောင်း ကင်မ်ဂျုံန်က ပြောခဲ့ပြီး ဥပဒေအတည်ပြုမှုကို ကြိုဆိုဂုဏ်ပြုကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာလ (၉) ရက်တွင် ဖော်ပြသည်။

အတည်ပြုလိုက်သည့် ဥပဒေသစ်အရ မြောက်ကိုရီးယားက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နျူကလီးယားလက်နက်သုံးပြီး ကြိုတင်ကာကွယ် တိုက်ခိုက်မှုလုပ်ဆောင်နိုင်ကြောင်း သိရသည်။ 

ယခင်ကမူ အခြား နိုင်ငံများက နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်ချိန်အထိ ၎င်း၏ လက်နက်များကို ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး ထိုနျူကလီးယားလက်နက်များကိုလည်း နျူကလီးယား မပိုင်ဆိုင်သော နိုင်ငံများကို တိုက်ခိုက်ရာတွင် အသုံးပြုမည်မဟုတ်ဟု မြောက်ကိုရီးယားက ပြောထားခဲ့သည်။

နျူကလီးယားလက်နက်များက နိုင်ငံ၏ဂုဏ်နှင့် အကြွင်းမဲ့အင်အားဖြစ်သည်ဟု ကင်မ်ဂျုံအန်က ဆိုသည်။ 

မြောက်ကိုရီးယားနိုင်ငံ၏ ဟန်ပြလွှတ်တော် Supreme People's Assembly က နျူကလီးယားလက်နက်များနှင့် ပတ်သက်သည့် ဥပဒေသစ်ကို တညီတညွတ်တည်း ထောက်ခံအတည်ပြုလိုက်ခြင်းကို ကင်မ်ဂျုံအန်က ကြိုဆိုဂုဏ်ပြုခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဟန်ပြလွှတ်တော် Supreme People's Assembly က တညီတညွတ်တည်း ထောက်ခံ နေပုံ

နျူကလီးယားလက်နက်မူဝါဒနှင့် ဆက်နွယ်သည့် ဥပဒေနှင့် စည်းမျဥ်းများကို လက်ခံကျင့်သုံးခြင်းက ထူးခြားသည့်ဖြစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ပွဲကိုဟန့်တားရန် မိမိတို့အနေဖြင့် တရားဝင် လုပ်ဆောင်ခွင့်ရရှိခဲ့ကြောင်း မိမိတို့၏ ကြေညာချက်ဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဆိုသည်။

"ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက်တွေနဲ့ နယ်ချဲ့ဝါဒရှိနေသမျှနဲ့ အမေရိကန်နဲ့ သူ့ရဲ့နောက်လိုက်တွေရဲ့ မြောက်ကိုရီးယားဆန့်ကျင်ရေး လုပ်ဆောင်မှုတွေရှိနေသမျှ ကျွန်တော်တို့ နျူကလီးယားစွမ်းရည်အားကောင်းအောင် လုပ်ဆောင်နေမှုက ဘယ်တော့မှ အဆုံးမသတ်ပါဘူး" ဟု ကင်မ်ဂျုံအန်က ပြောသည်။ 

မြောက်ကိုရီးယားတွင် အတည်ပြုလိုက်သည့် ဥပဒေသစ်က နျူကလီးယားနည်းပညာကို အခြား နိုင်ငံများနှင့် မျှဝေခြင်းမပြုရန်လည်း တားမြစ်ပိတ်ပင်ထားကြောင်း သိရသည်။

Source: CNN