တရုတ်နိုင်ငံတွင် ကုမ္ပဏီတစ်ခုက အလုပ်လျှောက်ထားသူ၏ ဖုန်းနံပါတ်၌ နောက်ဆုံးမှ စတင်ရေတွက်ပါက (၅) လုံးမြောက်ဂဏန်းမှာ (၅) ဖြစ်နေလျှင် အလုပ်မခန့်လိုဟု ဆိုသည်။
ဖုန်းနံပါတ်တွင် ပါဝင်နေသည့် (၅) ဂဏန်းကိုကြည့်ပြီး အလုပ်မခန့်သည့်ကိစ္စမှာ တရုတ်ဆိုရှယ်မီဒီယာတွင် လတ်တလော ပြောဆိုဆွေးနွေးစရာ ထိပ်တန်းအကြောင်းအရာ ဖြစ်နေခဲ့သည်။
တရုတ်သတင်းဌာန Jiupai News က ဖော်ပြမှုအရ ကွမ်တုန်းပြည်နယ် Shenzhen မြို့ရှိ ပညာရေးကုမ္ပဏီတစ်ခုအတွက် ဝန်ထမ်းသစ်ခေါ်ယူရာတွင် အင်တာဗျူးဖြေဆိုသည့် အလုပ်လျှောက်ထားသူများကို ၎င်းတို့၏ ဖုန်းနံပါတ်ကို နောက်ဆုံးမှ စတင်ရေတွက်ပါက (၅) လုံးမြောက်ဂဏန်းမှာ (၅) ဖြစ်နေခြင်းရှိ မရှိ မေးမြန်းသည်ဟု ဆိုသည်။
အကယ်၍ ထိုသို့ (၅) ဂဏန်းဖြစ်နေပါက ကုမ္ပဏီပိုင်ရှင်၏ မှာကြားထားမှုအရ အလုပ်လျှောက်ထားသူအနေဖြင့် ဖုန်းနံပါတ်မပြောင်းလျှင် အလုပ်ရနိုင်မည်မဟုတ်ဟု သိရသည်။
ထိုသတင်းမှာ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo တွင် ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး “Company Doesn’t Hire People Whose Phone Number Has 5 as 5th Digit” ဆိုသည့် hashtag ဖြင့် ပြောဆိုဆွေးနွေးကြပြီး Weibo ၏ ရှာဖွေမှုအများဆုံး အကြောင်းအရာများတွင် ယာယီအားဖြင့် နံပါတ် (၁) နေရာ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီပိုင်ရှင်၏ မှာကြားထားမှုနှင့် ပတ်သက်၍ တရုတ်အင်တာနက်အသုံးပြုသူများကြား လုပ်ငန်းခွင်တွင် အယူသီးခြင်းအပေါ် ပြောဆိုဆွေးနွေးမှုများ အရှိန်မြင့်ခဲ့သည်ဟု ဆိုသည်။
အထူးသဖြင့် ပညာရေးကုမ္ပဏီတစ်ခုက ထိုသို့ သဘောထားရှိနေခြင်းကို ပိုမိုအံ့အားသင့်ခဲ့ကြသည်။
ရှေးခေတ် တရုတ်ဂမ္ဘီရစာပေများအရ (၅) ဂဏန်းများ ကြုံဆုံနေခြင်းက ကံမကောင်းတတ်ဟု အယူအဆရှိသည်ဟု ဆိုသည်။
အနောက်မှရေတွက်ပါက (၅) လုံးမြောက်နေရာတွင် (၅) ဂဏန်းရှိနေသည့် ဖုန်းနံပါတ် ကိုင်ဆောင်ထားသူများက ၎င်းတို့၏ အထက်အရာရှိများနှင့် ထိပ်တိုက်တွေ့မှုဖြစ်လွယ်ပြီး အလုပ်ရှင်အတွက် ကံမကောင်းမှုဖြစ်စေသည့် အယူအဆရှိကြကြောင်း နက္ခတ်ဗေဒင်နှင့် ဂဏန်းဗေဒင်ပညာကို လေ့လာလိုက်စားသူ ဘလော့ဂါ Jimenjun က ရှင်းပြသည်။
တရုတ်နိုင်ငံတွင် အယူသီးခြင်းနှင့် ရိုးရာယုံကြည့်မှု အများအပြားပြီး ထိုကိစ္စက အလုပ်အကိုင်ရှာဖွေရာတွင် သတိပြုစရာ ဖြစ်နေသည်။
တရုတ်အင်တာနက်ရှာဖွေရေးဝက်ဘ်ဆိုက် Baidu တွင် "superstitions" နှင့် "job hunting" ဆိုသည့် အသုံးအနှုန်းများကို ရှာဖွေကြည့်ပါက ဆောင်ရန်၊ ရှောင်ရန်များနှင့် အွန်လိုင်းဆွေးနွေးမှုများ အပါအဝင် ရလဒ်ပေါင်း (၂၁) သန်းကျော် တွေ့ရမည်ဟု ဆိုသည်။
တရုတ်အင်တာနက်အသုံးပြုသူအချို့ကမူ ဖုန်းနံပါတ်ပြောင်းရန်မှာ ကြီးမားသည့် ကိစ္စမဟုတ်ဟု ပြောကြသော်လည်း ထိုသို့ တောင်းဆိုခြင်းမှာ စည်းကျော်ခြင်းဖြစ်ကာ ထူးဆန်းပြီး အဓိပ္ပါယ်မရှိကြောင်း ဝေဖန်ပြောဆိုသူများလည်းရှိသည်။
Weibo အသုံးပြုသူတစ်ဦးက ၎င်း၏ သူငယ်ချင်းများထံမှ ကြားသိရသည့် ပြောစမှတ်ဖြစ်ရာ အလုပ်အကိုင်ရှာဖွေမှု အကြောင်းအရာများကို ပြန်လည်မျှဝေထားရာ အလုပ်ရှင်တစ်ဦးက မျောက်နှစ်တွင် မွေးဖွားသူကို အလုပ်သမားအဖြစ် ငှားရမ်းခြင်းမပြုသည့်ဖြစ်ရပ်လည်း ပါဝင်ကြောင်း သိရသည်။
Source: WhatsOnWeibo