တရုတ်လျှပ်စစ်ကား ထုတ်လုပ်ရေးကုမ္ပဏီ Nio ၏ ရှန်ဟိုင်းမြို့ရှိ ရုံးချုပ်အဆောက်အအုံ တတိယထပ်ပေါ်မှ လျှပ်စစ်ကားတစ်စီး ပြုတ်ကျခဲ့မှုကြောင့် လူ (၂) ဦး သေဆုံးသွားကြောင်း ကုမ္ပဏီက ပြောသည်။
လျှပ်စစ်ကားပြုတ်ကျမှုအတွင်း Nio ၏ ဝန်ထမ်တစ်ဦးနှင့် မိတ်ဖက်ကုမ္ပဏီမှ ပုဂ္ဂိုလ်တစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ (၂၂) ရက် ညနေ (၅) နာရီ (၂၀) မိနစ်ဝန်းကျင်တွင် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။
အဆောက်အအုံကနေ လျှပ်စစ်ကားပြုတ်ကျခဲ့စဥ် ကားအတွင်းရှိနေခဲ့သူ (၂) ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ယခုဖြစ်ရပ်ကို အစိုးရတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးမှု ချက်ချင်း စတင်လုပ်ဆောင်နေကြောင်း Nio က ဆိုသည်။
လျှပ်စစ်ကားပြုတ်ကျခဲ့သည့် အဆောက်အအုံ၏ တတိယထပ်နေရာမှာ ကားပြခန်း၊ စမ်းသပ်မောင်းနှင့်သည့်နေရာ သို့မဟုတ် ကားရပ်နားနေရာဖြစ်ကြောင်း အမျိုးမျိုးဖော်ပြထားကြသည်။
"ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် စုံစမ်းစစ်ဆေးမှုလုပ်ရန် ပြည်သူ့လုံခြုံရေးဌာနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အခင်းဖြစ်နေရာက အခြေအနေကို လေ့လာဆန်းစစ်မှုအရ ဒီဖြစ်ရပ်က မတော်တဆမှုတစ်ခု (ကားကြောင့် မဟုတ်ပါ) ဖြစ်ခဲ့တယ်လို့ ကနဦး အတည်ပြုနိုင်ပါတယ်" ဟု ကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ဒီဖြပ်ရပ်နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့ ကျွန်ုပ်တို့ရဲ့ လုပ်ဖောက်ကိုင်ဖက်ဝန်ထမ်းနဲ့ မိတ်ဖက်ဝန်ထမ်းတို့အတွက် အလေးအနက်ဝမ်းနည်းပါတယ်။ မိသားစုတွေကို ကူညီဖို့အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပါတယ်" ဟုလည်း Nio ကုမ္ပဏီက ဖြည့်စွက် ပြောထားသည်။
Nio ကုမ္ပဏီမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် လျှပ်စစ်မော်တော်ကားထုတ်လုပ်ရေးတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ကုမ္ပဏီလည်းဖြစ်သည်။ Nio ၏ ကားများတွင် အသုံးပြုသူများအတွက် မကြာခဏ ဘက်ထရီအားသွင်းရခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိစေရန် လဲလှယ်နိုင်သော ဘက်ထရီများကို အသုံးပြုထားသည်ဟု ဆိုသည်။
Nio ကို တခါတရံ တရုတ်နိုင်ငံ၏ "Tesla killer" ဟု ခေါ်ဆိုကြပြီး ၎င်း၏ပြိုင်ဘက် ဘီလျံနာ အီလွန်မက်စ်၏ အမေရိကန်အခြေစိုက် လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla ကို ရည်ညွန်းခြင်းလည်း ဖြစ်သည်။
Tesla လျှပ်စစ်ကားကုမ္ပဏီက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အဓိက ထုတ်လုပ်ရေးစက်ရုံတစ်ရုံရှိကြောင်း သိရသည်။
Source: SCMP, BBC