တောင်ကိုရီးယားတွင် အလွန်ပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းရသလို ကျောင်းများလည်း ပိတ်ထားရ

တောင်ကိုရီးယားတွင် အလွန်ပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းရသလို ကျောင်းများလည်း ပိတ်ထားရ
စက်တင်ဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

တောင်ကိုရီးယားနိုင်ငံကို တိုင်ဖွန်းမုန်တိုင်း Hinnaamnor ချဥ်းကပ်လာမှုကြောင်း စက်တင်ဘာလ (၅) ရက်နေ့တွင် တိုင်ဖွန်းသတိပေးချက်ကို အမြင့်ဆုံးအဆင့် တိုးမြှင့်ထုတ်ပြန်လိုက်ကြောင်းနှင့် လေကြောင်းခရီးစဥ်များ ဖျက်သိမ်းခဲ့ရပြီး စီးပွားရေးလုပ်ငန်းအချို့ ရပ်ဆိုင်းခဲ့ကာ စာသင်ကျောင်းများ ပိတ်ထားခဲ့ကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း ချဥ်းကပ်လာမှုကြောင့် တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်မှုများ ဖြစ်ပေါ်နေသည်။ 

အဆိုပါ မုန်တိုင်းမှာ တောင်ဘက်မှ တစ်နာရီလျှင် မိုင် (၂၀) ကျော် အမြန်နှုန်းဖြင့် ရွေ့လျားလာနေကြောင်း သိရသည်။ 

တိုင်ဖွန်း Hinnamnor က တောင်ကိုရီးယား ဆိပ်ကမ်းမြို့ ဘူဆန်မြို့၏ အနောက်တောင်ဘက်တွင် ကုန်းတွင်းမုန်တိုင်းအဖြစ် စက်တင်ဘာလ (၆) ရက် နံနက်အစောပိုင်းအချိန် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

အဆိုပါ မုန်တိုင်းမှာ စက်တင်ဘာလ (၅) ရက်နေ့တွင် အားလပ်ရက် အပန်းဖြေကျွန်း Jeju ကို ဖြတ်သန်းခဲ့ပြီးနောက် ဘူဆန်မြို့အနီး ကုန်းတွင်းပိုင်းကို ဝင်ရောက်လာမည်ဟု ဆိုသည်။ 

တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး အကောင်းဆုံးလုပ်ဆောင်ကြရန် အာဏာပိုင်များကို ညွှန်ကြားထားပြီး ၎င်းကိုယ်တိုင်လည်း အရေးပေါ်အခြေအနေဖြင့် အသင့်ရှိနေမည်ဟု ဆိုသည်။

"တိုင်ဖွန်းမုန်တိုင်းကြောင့် စက်တင်ဘာလ (၆) ရက်နေ့တွင် နိုင်ငံတဝန်း အလွန်ပြင်းထန်သည့် လေတိုက်ခတ်မှုတွေနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားပြီး ကမ်းရိုးတန်းဒေသတစ်လျှောက် မုန်တိုင်းနှင့်ဆူနာမီနှင့်အတူ အလွန်မြင့်မားသည့် လှိုင်းလုံးများ ရိုက်ခတ်လာနိုင်ကြောင်း" တောင်ကိုရီးယား မိုးလေဝသဌာန Korea Meteorological Administration (KMA) က ပြောသည်။

တိုင်ဖွန်း Hinnamnor က တောင်ကိုရီးယားမှ အရှေ့မြောက်ဘက်သို့ ဆက်လက် ဦးတည်ပြီး ဂျပန်နိုင်ငံ Sapporo သို့ ရွေ့လျားသွားမည်ဟု ဆိုသည်။ တောင်ကိုရီးယားက ယခုမုန်တိုင်းကို မုန်တိုင်းပြင်းအားအဆင့် (၄) ဆင့်ရှိသည့်အနက် တတိယအဆင့်ဖြစ်သည့် "အလွန်ပြင်းထန်" မုန်တိုင်းအဖြစ် သတ်မှတ်ထားသည်။ 

အလွန်ပြင်းထန်သော မုန်တိုင်းအဖြစ် သတ်မှတ်ထားသည့် Hinnamnor ကဲ့သို့ တိုင်ဖွန်းမုန်တိုင်း၏ လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် (၅၃) မီတာအထိ ဖြစ်နိုင်ကြောင်း သိရသည်။

တောင်ကိုရီးယား တောင်ပိုင်မြို့များဖြစ်ကြသည့် Gwangju ၊ Busan ၊ Daegu နှင့် Ulsan တို့အပြင် Jeju ကျွန်းတွင်လည်း မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ထားသည်။ 

Central Disaster and Safety Countermeasures Headquarters ကလည်း တိုင်ဖွန်းသတိပေးချက်ကို အမြင့်ဆုံးအဖြစ် ထုတ်ပြန်ထားပြီး (၅) နှစ်အတွင်း ပထမဆုံးအကြိမ် ထိုသို့ ထုတ်ပြန်ရခြင်း ဖြစ်သည်။

Source: Reuters

Photo: Kyodo,  Yonhap,