မိုဘိုင်းငွေကြေးဝန်ဆောင်မှု ပေးနေသည့် ဘဏ် နှင့် Agent များ အနေဖြင့် အသုံးပြုသူများ၏ ပုံနှင့်တကွ အဓိက အချက်အလက်များ အပြည့်အစုံ ရယူရန်နှင့် ငွေလွှဲ၊ ငွေထုတ်သူများ၏ ပုံများကို လျှို့ဝှက်ရိုက်ထားရန် ညွှန်ကြားသည့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ လျှို့ဝှက်စာ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့တွင် ထွက်ပေါ်လာသည်။
မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် စာရင်းဖွင့်လှစ်ပါက မူလတောင်းခံသည့် အချက်အလက်အပြင် ငွေလွှဲ၊ ငွေထုတ်သူတို့၏ အချက်အလက်များကို Agent များအနေဖြင့် CCTV ဖြင့် မှတ်တမ်းယူထားရမည်ဖြစ်သလို CCTV မရှိက လျှို့ဝှက်ဓါတ်ပုံ ရိုက်ယူထားရန်လည်း ညွှန်ကြားထားသည်။
အဆိုပါ လျှို့ဝှက်ညွှန်ကြားချက်အရ မိုဘိုင်းငွေကြေးဝန်ဆောင်မှု၏ Level 3 အကောင့် အသုံးပြုသူများအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ နှင့် ရဲစခန်းထောက်ခံချက်တို့ပါ လိုအပ်လာတော့မည်ဖြစ်သည်။
နိုင်ငံ့အာဏာကို သိမ်းထားသည့် စစ်ကောင်စီအဖွဲ့သည် ၂၀၂၁ခုနှစ်ကနေ ယနေ့အထိ Kpay နှင့် Wave Money အပါအဝင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို ရယူအသုံးပြုနေသည့် ပြည်သူများထဲက အချို့မှာ PDF နှင့် CRPH ကို ထောက်ပံ့သည်ဟု ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးမှုများရှိနေသလို အချို့မှာလည်း ယင်းသို့ အမှုဖွင့် ခံရမှုကြောင့် တိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီအဖွဲ့သည် မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများထံက သုံးစွဲသူတို့၏ ကိုယ်ရေးအချက်အလက်များကို အချိန်မရွေး ရယူနိုင်ကြောင်းလည်း သိရသည်။
#TachileikNewsAgency