ထိုင်းနိုင်ငံအတွင်း ယာဉ်အန္တရာယ် တားဆီးရေး ၂၀၂၃ တွင် အမှတ်ပေးစနစ် ကျင့်သုံးသွားမည်

Photo:  CTN News
Photo: CTN News
ထိုင်းနိုင်ငံအတွင်း ယာဉ်အန္တရာယ် တားဆီးရေး ၂၀၂၃ တွင် အမှတ်ပေးစနစ် ကျင့်သုံးသွားမည်
ဇူလိုင် 21, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ယာဥ်မောင်းများ စည်းကမ်းလိုက်နာမှု တိုးတက်စေရန်နှင့် ယာဥ်မတော်တဆမှုများ တားဆီးရန် ရည်ရွယ်သည့် အနေဖြင့် ယာဥ်မောင်းနှင်မှု အမှတ်ပေး စနစ်တစ်ခုကို ၂၀၂၃ ခုနှစ် အစောပိုင်းမှစပြီး ကျင့်သုံးသွားမည် ဖြစ်သည်။ 

ယာဥ်မောင်းအားလုံးကို လာမည့် ဇန်နဝါရီလ (၉) ရက်နေ့မှစပြီး အမှတ် (၁၂) မှတ် ပေးထားမည်ဖြစ်ကာ ယာဥ်စည်းကမ်းချိုးဖောက်ပါက အမှတ်နုတ်သွားမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ဌာနခွဲ အကြီးအကဲ ရဲဗိုလ်ချုပ် Ekkarat Limsangkat က ပြောသည်။

၎င်း၏အဆိုအရ အရှိန်လွန်မောင်းနှင်ခြင်း၊ လူကူးမျဥ်းကြားများတွင် မရပ်တန့်ခြင်းနှင့် ထိုင်ခုံခါးပတ် ပတ်မထားခြင်းကဲ့သို့ ယာဥ်မောင်းနှင်မှုများအတွက် (၁) မှတ် အနုတ်ခံရမည်ဟု သိရသည်။ 

မီးပွိုင့်တွင် မီးနီးဖြတ်မောင်းခြင်း သို့မဟုတ် တစ်လမ်းမောင်း လမ်းများကို မှားယွင်းမောင်းခြင်းတို့အတွက် (၂) မှတ် နုတ်မည်ပြီး ပြည်သူပိုင်လမ်းများပေါ်တွင် တရားမဝင် ကားမောင်းပြိုင်ခြင်းအတွက် (၃) မှတ် နုတ်သွားမည်ဟု ဆိုသည်။

အရက်မူးပြီး ယာဥ်မောင်းနှင်ခြင်းကဲ့သို့ ပြင်းထန်သည့် ယာဥ်စည်းကမ်းချိုးဖောက်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် (၄) အမှတ် အနုတ်ခံရမည်ဖြစ်ကြောင်း ရဲဗိုလ်ချုပ် Ekkarat Limsangkat က ရှင်းပြသည်။ 

ရရှိထားသည့်အမှတ် (၁၂) မှတ်လုံး အနုတ်ခံရသည့် ယာဥ်မောင်းမှာ ရက် (၉၀) ကြာ ယာဥ်မောင်းလိုင်စင် ဆိုင်းငံ့ခံရမည်ဖြစ်ပြီး လျော့သွားသော အမှတ်များကို အမှတ်နုတ်ခံရပြီးနောက် (၁၂) လအကြာတွင် ပြန်လည်ရရှိမည်ဟု သိရသည်။

ယာဥ်မောင်းနှင်မှု အမှတ်ပေးစနစ်နှင့် ပတ်သက်၍ အသေးစိတ် ပိုမိုသိရှိနိုင်ရန် https://ptm.police.go.th/eTicket/#/ သို့မဟုတ် Pao Tang ‌ခေါ် အစိုးရထုတ် e-wallet app တွင် ကြည့်ရှုနိုင်ကြောင်း ရဲဗိုလ်ချုပ် Ekkarat Limsangkat က ပြောသည်။ 

နိုင်ငံပေါင်း (၁၉၃) နိုင်ငံတွင် ယာဥ်မတော်ဆမှုများကို လေ့လာခဲ့သည့် အမေရိကန်နိုင်ငံ မီချီဂန်တက္ကသိုလ် သယ်ယူပို့ဆောင်ရေး သုတေသနအဖွဲ့အစည်းမှ သုတေသီများ၏ အဆိုအရ ထိုင်းနိုင်ငံက ယာဥ်မတော်တဆမှုကြောင့် သေဆုံးမှု ဒုတိယအများဆုံး ဖြစ်သည်။ နမီးဘီးယားမှာ ယာဥ်မတော်တဆမှုကြောင့် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး လူ (၁၀၀,၀၀၀) လျှင် (၄၅) ဦး သေဆုံးကြောင်း သိရသည်။

Source: CTN News