မြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်ခဲ့သည့် စင်ကာပူအမျိုးသမီး၏ အယူခံ တရားရုံးက ပယ်ချ

မြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်ခဲ့သည့် စင်ကာပူအမျိုးသမီး၏ အယူခံ တရားရုံးက ပယ်ချ
By Mr John

မြန်မာအိမ်အကူ အမျိုးသမီးငယ်ကို အမျိုးမျိုးနှိပ်စက် သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ် နှစ် (၃၀) ချမှတ်ခံထားသည့် စင်ကာပူအိမ်ရှင်အမျိုးသမီး၏ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် အယူခံဝင်မှုကို အယူခံတရားရုံးက ဇွန်လ (၂၉) ရက်နေ့တွင် ပယ်ချလိုက်ကြောင်း သိရသည်။ 

စင်ကာပူအိမ်ရှင် အမျိုးသမီး Gaiyathiri Murugayan က အယူခံအတွက် သက်သေအသစ်များ တင်သွင်းမှုကိုလည်း တရားရုံးက မေလ( ၄) ရက်တွင် ပယ်ချထားခဲ့သည်။ 

Murugayan က ၎င်း၏ ထောင်ဒဏ်ကို ထောင်ဒဏ် (၁၂) နှစ် (၁၅) နှစ်ကြားသို့ လျှော့ချပေးရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

စင်ကာပူ အထက်တရားရုံး တရားသူကြီးတစ်ဦးက ယခုအမှုမှာ ပြစ်ဒဏ်ခံထိုက်သော အဆိုးဆုံး လူသတ်မှုများထဲတွင် ပါဝင်ကြောင်း ပြောခဲ့သည်။ 

အသက် (၄၂) နှစ်အရွယ် Murugayan က ၎င်း၏ စိတ်ပိုင်းဆိုင်ရာရောဂါကို ထောက်ရှုပြီး တရားစီရေးဆိုင်ရာ သက်ညှာခွင့်ကို လျှောက်လဲခဲ့ကြောင်း သိရသည်။ 

သို့သော်အယူခံတရားရုံး၏ တရားသူကြီး (၃) ဦးပါဝင်သော တရားစီရင်ရေးအဖွဲ့က Murugayan ၏ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် အယူခံကို ပယ်ချလိုက်ပြီး အထက်တရားရုံး တရားသူကြီး See Kee Oon က ချမှတ်ခဲ့သည့် ပြစ်ဒဏ်ကို အတည်ပြုလိုက်သည်။

Piang Ngaih Don အမည်ရှိ မြန်မာအမျိုးသမီးငယ်မှာ (၁၄) လကြာ ကာလအတွင်း အမျိုးမျိုးနှိပ်စက်ခံခဲ့ရပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် သေဆုံးသွားခဲ့သည်။ 

မြန်မာအိမ်အကူ အမျိုးသမီးငယ်မှာ နှိပ်စက်ခံရမှုကြောင့် လည်ပင်းရိုးကျိုးပြီး ဦးနှောက်ထိခိုက်ပျက်စီးကာ သေဆုံးသွားချိန်တွင် သူမ၏ ကိုယ်အလေးချိန်မှာ (၅၃) ပေါင်နီးပါးမျှသာ ရှိတော့ကြောင်းလည်း သိရသည်။

Piang Ngaih Don မသေဆုံးမီ ရက်ပိုင်းအတွင်း Gaiyathiri က သူမကို အငတ်ထားခဲ့ပြီး ညဘက်တွင် ပြတင်းပေါက်သံပန်း၌ ကြိုးဖြင့်ချည်နှောင်ထားခဲ့သည်။ 

ထို့အပြင် အမှိုက်ပုံးထဲမှ အစားအစာ မွှေနှောက်ရှာဖွေပါကလည်း Gaiyathiri က ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။ 

ယမန်နှစ် ဖေဖေါ်ဝါရီလတွင် ထိုအမှုနှင့်ပတ်သက်ပြီး စွဲချက် (၂၈) ခုအတွက် အပြစ်ရှိကြောင်း Gaiyathiri က ဝန်ခံခဲ့သည်။ 

၎င်းကို ယမန်နှစ် ဇွန်လအတွင်း ထောင်ဒဏ် နှစ် (၃၀) ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Source: CNA