ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း အွန်လိုင်း လောင်းကစား နှင့် အွန်လိုင်း လိမ်လည်မှုတို့ဖြင့် လူ (၁,၅၀၀) ကျော် ကို ဖမ်းဆီးခဲ့

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း အွန်လိုင်း လောင်းကစား နှင့် အွန်လိုင်း လိမ်လည်မှုတို့ဖြင့် လူ (၁,၅၀၀) ကျော် ကို ဖမ်းဆီးခဲ့
ဇန်နဝါရီ 13, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုတို့ဖြင့် လူ (၁,၅၀၀) ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူမှုရေးရာ ဝန်ကြီးဌာန Ministry of Digital Economy and Society (DES) က ပြောသည်။ 

DES ဝန်ကြီး Chaiwut Thanakhamanusorn ဦးဆောင်သည့် ဆိုက်ဘာရာဇဝတ်မှုထိန်းချုပ်ရေး ကော်မတီက ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ် ပထမဆုံး အစည်းအဝေးအတွင်း ကော်မတီ၏ နှစ်ပတ်လည် စာရင်းအချက်အလက်များကို ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးခဲ့သူ (၁,၅၇၀) ဦးအနက် call centre များဖွင့်ပြီး လိမ်လည်မှုဖြင့် သံသယရှိသူ (၁၆၆) ဦး ပါဝင်ကြောင်း သိရသည်။ 

အခြား ဖမ်းဆီးမှုများတွင် တရားမဝင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များ လုပ်ကိုင်မှု (၄၆၁) ခုနှင့် အွန်လိုင်းအရောင်းအဝယ် လိမ်လည်မှု (၂၇၀) တို့ ပါဝင်သည်။

 DES ၏ စာရင်းအချက်အလက်များအရ ဖုန်းဆက်လိမ်လည်ရန် သို့မဟုတ် စာတိုပေးပို့လိမ်လည်ရန် အသုံးပြုသည့် SIM ကတ် (၁၁၈,၅၃၀) ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ဆိုက်ဘာရာဇဝတ်မှုများတွင် အသုံးပြုရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် ဘဏ်အကောင့် (၅၈,၄၆၃) ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီး ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်များပေါ်တွင် တရားမဝင် အရောင်းအဝယ်ပြုလုပ်သည့် အကောင့် (၈) ခုကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။ 

DES ဝန်ကြီး ဦးဆောင်သည့် ကော်မတီက ထိုင်းဘုရင်စနစ်ကို ဆန့်ကျင်မှုနှင့် တရားမဝင် အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်များအဖြစ် သံသယရှိရသည့် ဝက်ဘ်ဆိုက်လိပ်စာ (၆,၀၂၄) ခုကိုလည်း ပိတ်ခဲ့သည်။

အွန်လိုင်းလောင်းကစားကို အိမ်နီးချင်း နိုင်ငံအချို့တွင် တရားဝင်အဖြစ် သတ်မှတ်ထားရာ ထိုင်းနိုင်ငံသား လောင်းကစားသမားများက ထိုဝက်ဘ်ဆိုက်များတွင် လောင်းကစားလုပ်လေ့ရှိပြီး ထိုအလေ့အထက စီးပွားရေးနှင့်လူမှုရေးကို ကြီးမားသည့် ထိခိုက်မှုဖြစ်စေနိုင်ကြောင်း DES ဝန်ကြီး Chaiwut က ပြောသည်။ 

ထိုအတောအတွင်း YouTub ကြော်ငြာများ ကြည့်ရှုခိုင်းသည့် လိမ်လည်မှုဖြင့် အသက် (၃၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဇန်နဝါရီလ (၁၁) ရက်နေ့က ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။ 

အဆိုပါ လိမ်လည်မှုကြောင့် နွန်သာဘူရီပြည်နယ်တွင် အလယ်တန်းကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဖြစ်စေခဲ့သည်။

ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည့် ကျောင်းသား၏ မှတ်စုတိုတွင် လိမ်လည်သူ အမျိုးသမီး Naphaporn Homchan က ၎င်းကို YouTube ကြော်ငြာများကြည့်ခိုင်းပြီး ထိုအလုပ်မှာ ၎င်း၏မစ်ရှင်တစ်ခုဟု ပြောခဲ့ကြောင်း သိရသည်။ 

လိမ်လည်သူ အမျိုးသမီးက ကျောင်းသားကို အွန်လိုင်းရောင်းဝယ်မှုတွင် ရင်းနှီးမြှုပ်နှံရန် အယုံသွင်းခဲ့ရာ ထိုကျောင်းသားက မိခင်ဖြစ်သူထံမှ ဘတ် (၁၄,၀၀၀) ငွေချေးယူခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် Naphaporn က အွန်လိုင်းမှပျောက်သွားခဲ့ရာ ကျောင်းသားဖြစ်သူမှာ အလိမ်ခံလိုက်သည်ကို သိရှိသွားရာမှ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း သိရသည်။ 

ကျောင်းသား၏ မိဘများက ထိုဖြစ်ရပ်ကို ဆိုက်ဘာရာဇတ်မှု စုံစမ်းစစ်ဆေးရေးဌာန Cyber Crime Investigation Bureau (CCIB) သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ 

ထို့နောက် CCIB က စုံစမ်းစစ်ဆေးမှုလုပ်ပြီး လိမ်လည်သူ အမျိုသမီး Naphaporn ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

Source: Bangkok Post