ဗြိတိန်တွင် အပူချိန် မြင့်တက်နေပြီး (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်မည်ဟု ခန့်မှန်းထား

ဗြိတိန်၊ Perranporth မြို့နယ်အတွင်း တစ်နေရာတွင် အပူဒဏ်ကြောင့် အပူရှောင်ကာ ရေကစားနေကြသူများ [Photo:  REUTERS ]]
ဗြိတိန်၊ Perranporth မြို့နယ်အတွင်း တစ်နေရာတွင် အပူဒဏ်ကြောင့် အပူရှောင်ကာ ရေကစားနေကြသူများ [Photo: REUTERS ]]
ဗြိတိန်တွင် အပူချိန် မြင့်တက်နေပြီး (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်မည်ဟု ခန့်မှန်းထား
ဇူလိုင် 19, 2022 | နိုင်ငံတကာသတင်း
By Mr John

ဗြိတိန်တွင် ယခုသီတင်းပတ်အတွင်း စံချိန်တင် အပူဆုံးနေ့ကို ကြုံရနိုင်ပြီး အပူချိန်များ (၄၁) ဒီဂရီဆဲလ်စီးယပ်အထက် မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။ 

ဇူလိုင်လ (၁၈) ရက်နေ့က နံနက်ပိုင်း အပူချိန်များ လျင်မြန်စွာ မြင့်တက်လာပြီးနောက် လန်ဒန်မြို့ Kew Gardens ရုက္ခဗေဒဥယျာဥ်တွင် ဒေသစံတော်ချိန် မွန်းလွဲ (၃) နာရီအချိန်၌ အပူချိန် (၃၇.၅) ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ကြောင်းနှင့် ယခုနှစ်အတွင်း အပူဆုံးနေ့ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဗြိတိန်မိုးလေဝသဌာန Met Office က အင်္ဂလန်နိုင်ငံ၏ နေရာအတော်များများတွင် ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်တို့ အတွက် အနီရောင်အဆင့် အပူချိန်လွန်ကဲမှု သတိပေးချက် ထုတ်ပြန်ထားခဲ့သည်။ 

ထိုနေရာများမှာ လန်ဒန်မြို့နှင့် အရှေ့တောင်ပိုင်း York နှင့် မန်ချက်စတာအထိ ဖြစ်သည်။ 

ဗြိတိန်၏ အမြင့်ဆုံး စံချိန်တင်အပူချိန်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့က Cambridge University Botanic Garden တွင် အပူချိန် (၃၈.၇) ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယခုသီတင်းပတ်အတွင်း ထိုစံချိန်ကို ကျော်လွန်ကာ အပူချိန်များ မြင့်တက်မည်ဟု ခန့်မှန်းထားသည်။

ထိုအတောအတွင်း ဝေးလ်တွင် အပူဆုံးနေ့အဖြစ် ဇူလိုင်လ (၁၈) ရက်နေ့က စံချိန်တင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အပူချိန် (၃၅.၃) ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ကြောင်း Met Office ထံမှ ကိန်းဂဏန်းများအရ သိရှိရသည်။ 

ဝေးလ်၏ ယခင်က စံချိန်တင် အပူဆုံးနေ့မှာ ၁၉၉၀ ပြည့်နှစ်အတွင်း အပူချိန် (၃၅.၂) ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့စဥ်ကဖြစ်သည်။

စကော့တလန်နှင့် မြောက်အိုင်ယာလန်တို့တွင် ယခုနှစ်အတွင်း အပူနွေးဆုံး နေ့များကို ကြုံတွေ့နေပြီး ဇူလိုင်လ (၁၈) ရက်နေ့က Aboyne ကျေးရွာတွင် အပူချိန် (၃၀.၂) ဒီဂရီဆဲလ်စီးယပ်နှင့် Armagh မြို့တွင် (၂၈.၈) ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့သည်။ အင်္ဂလန်တွင် လန်ဒန်၊ ကမ်းဘရစ်ချ်၊ Surrey နှင့် Suffolk တို့၌ ဇူလိုင်လ (၁၈) ရက်နေ့က အပူချိန်များ (၃၇) ဒီဂရီဆဲလ်စီးယပ်အထက် မြင့်တက်ခဲ့သည်။

ဗြိတိန်တွင် အပူချိန်လွန်ကဲမှု သတိပေးစနစ်ကို အဆင့် (၄) ဆင့် ခွဲခြားသတ်မှတ်ပြီး ၂၀၂၁ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီးနောက် ပထမဆုံးအကြိမ် အနီရောင်အဆင့် (အဆင့် ၄) သတိပေးချက်အဖြစ် ထုတ်ပြန်ရခြင်းလည်း ဖြစ်လာသည်။ 

အနီရောင်အဆင့် အပူချိန်လွန်ကဲမှု  သတိပေးချက်အရ အပူချိန်များမှာ (၄၀) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်နိုင်ပြီး လုပ်ငန်းခွင်များ အလုပ်လုပ်ကိုင်မှုနှင့် နေ့စဥ် လုပ်ရိုးလုပ်စဥ်များကို ပြောင်းလဲရန်လိုအပ်ကြောင်း Met Office က ပြောထားသည်။

ဥရောပနေရာအများအပြားတွင် အပူချိန်လွန်ကဲမှုများ ဆက်လက် ဖြစ်ပေါ်နေရာ ပြင်သစ်နိုင်ငံ အနောက်ပိုင်းတွင် ကမ္ဘာပျက်သည့်ပမာ ကြောက်မက်ဖွယ်ရာ အပူချိန်ပြင်းထန်မှုကို ရင်ဆိုင်နေရကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။ 

ပြင်သစ်အနောက်တောင်ပိုင်း နယ်မြေ (၁၅) ခုတွင် အပူချိန်များ စံချိန်တင် မြင့်တက်မှုဖြစ်ပေါ်နိုင်ကြောင်းနှင့် မီးသတ်သမားများမှာ တောမီးငြှိမ်းသတ်ရန် ရုန်းကန်နေရပြီး ဒေသခံ ၂၄,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ကြရသည်။ 

ထို့အတူ စပိန်၊ ပေါ်တူဂီနှင့် ဂရိနိုင်ငံတို့တွင်လည်း တောမီးလောင်မှုများ အားကောင်းနေဆဲဖြစ်ပြီး လူဦးရေ ထောင်နှင့်ချီ ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

Source: BBC