တရုတ်နိုင်ငံ၏  ကျောင်းသုံး စာအုပ်ထဲက သရုပ်ဖော်ပုံများ  ဆီလျော်မှု မရှိ၍  အစိုးရဝန်ထမ်း (၂၇) ဦး အရေးယူခံရ

တရုတ်နိုင်ငံ၏  ကျောင်းသုံး စာအုပ်ထဲက သရုပ်ဖော်ပုံများ  ဆီလျော်မှု မရှိ၍  အစိုးရဝန်ထမ်း (၂၇) ဦး အရေးယူခံရ
စက်တင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံတွင် ကလေးများ၏ သင်္ချာဘာသာ ကျောင်းသုံးစာအုပ်၌ ရေးဆွဲဖော်ပြထားသော အရုပ်ဆိုးဆိုး သရုပ်ဖော်ပုံများ အကြောင်းမှာ ယခုနှစ်အစောပိုင်းက တရုတ်ဆိုရှယ်မီဒီယာပေါ်တွင် အကြီးမားဆုံး ပြောဆိုဝေဖန်စရာ အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။ 

မူလတန်းကလေးများ (ပထမတန်း မှ ဆဌမတန်း) အတွက် သင်္ချာစာအုပ်ကို လွန်ခဲ့သည့် (၁၀) နှစ်နီးပါးကတည်းက ပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သော်လည်း မိဘအချို့က ထိုကျောင်းသုံးစာအုပ်၏ သရုပ်ဖော်ပုံများမှ ရုပ်ဆိုးကြောင်း ဆိုရှယ်မီဒီယာတွင် ဝေဖန်ပြောဆိုကြရာမှ လူပြောများသည့် အကြောင်းအရာ ဖြစ်လာခဲ့သည်။

သရုပ်ဖော်ပုံများမှာ ရုပ်ဆိုးနေခြင်း၊ မသပ်မရပ် ဖြစ်နေခြင်းနှင့် ပုံအားလုံးမှာ ထူးဆန်းပြီး ထိတ်လန့်စရာ ဖြစ်နေမှုကြောင့် သင်ထောက်ကူပစ္စည်းအပေါ် လူအများက အဓိက ဝေဖန်ခဲ့ကြသည်။ 

သင်္ချာစာအုပ်မှာ ဒီဇိုင်းအရည်အသွေးအပြင် အချို့ သရုပ်ဖော်ပုံများက မဆီလျော်ကြောင်း လူအများအပြားက တွေ့ရှိခဲ့ကြသည်။

လျှာထုတ်ပြနေသည့် ကောင်မလေးပုံ၊ အမေရိကန်အလံ အရောင်များကို ထပ်တလဲလဲ ရေးဆွဲထားခြင်း၊ တရုတ်အလံကို ပုံဖော်ရေးဆွဲမှု မှားယွင်းခြင်း၊ သရုပ်ဖော်ပုံ ယောက်ျားလေးများ၏ ဘောင်းဘီများတွင် ဖုဖောင်းနေခြင်း၊ ယုန်ဝတ်စုံနှင့် ကောင်းမလေးပုံ၊ တက်တူးဖြစ်မည့် အရာတစ်ခုတွေ့ရသည့် ကလေးတစ်ဦးပုံနှင့် နောက်ထပ် အလွဲလွဲအချော်ချော် သရုပ်ဖော်ပုံများကို စသဖြင့်တို့က လူအများက ထောက်ပြခဲ့သည်။

အဆိုပါ သင်္ချာစာအုပ်၏ သရုပ်ဖော်ပုံများကိစ္စကို ဆိုရှယ်မီဒီယာတွင် ဝေဖန်မှုများ ပျံ့နှံ့နေခဲ့ပြီးနောက် (၃) လအကြာ ယခုအခါတွင်မူ တရုတ်ပညာရေးဝန်ကြီးဌာနက ထိုကိစ္စကို စုံစမ်းစစ်ဆေးမှု အပြီးသတ်ခဲ့သည့် နောက်ဆုံးတွေ့ရှိချက်များကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

ပညာရေးဝန်ကြီးဌာန၏ သုတေသနအဖွဲ့က ကျောင်းသုံးသင်္ချာစာအုပ် သရုပ်ဖော်ပုံများမှာ အချက် (၃) ချက်အတွက် ပြဿနာဖြစ်နေသည်ကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ပထမတစ်ချက်မှာ သရုပ်ဖော်ပုံများ အရုပ်ဆိုးနေခြင်း ဖြစ်သည်။ လူပုံသရုပ်ဖော်ရေးဆွဲမှုက အများသူငှာ ကြည့်ရှုရာတွင် ချောမောလှပမှုမရှိဘဲ တရုတ်နိုင်ငံ၏ လူငယ်ထုအတွက် ဆီလျော်သည့် အပြုသဘောဆောင်သော ပုံရိပ်ကို ကိုယ်စားမပြုဟု ဆိုသည်။ ဒုတိယအချက်မှာ မမှန်ကန်ခြင်းဖြစ်သည်။ 

သရုပ်ဖော်ပုံအချို့တွင် အမှားများ ပါဝင်နေပြီး စံသတ်မှတ်ချက်နှင့်မညီကြောင်း ပြောထားသည်။

တတိယအချက်မှာ ဒွိဟဖြစ်စေသော တိကျမှုမရှိခြင်းဟု ပညာရေးဝန်ကြီးဌာနက ဆိုသည်။ 

သရုပ်ဖော်ပုံများကို အသေးစိတ် အတိအကျ ရေးဆွဲထားခြင်းမရှိဘဲ အချို့ကို ဖြစ်သလို ပုံဖော်ရေးဆွဲထားပြီး အဓိပ္ပါယ် လွဲမှားကောက်ယူနိုင်စရာဖြစ်ကြောင်း သုတေသနအဖွဲ့က ထောက်ပြသည်။

 အဆိုပါ မူလတန်းအဆင့် သင်္ချာစာအုပ်ကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နာမည်ကြီး People's Education Press (PEP) က ပုံနှိပ်ထုတ်ဝေခဲ့ကြောင်းနှင့် ဒီဇိုင်းကို Beijing Wu Young Design Studio က ရေးဆွဲခဲ့ကြောင်း သိရသည်။

ဂုဏ်သတင်းကြီးသည့် Academy of Arts of Tsinghua တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်ဆိုသည့် ဒီဇိုင်နာ Wu Yong မှာလည်း ယခုနှစ်အစောပိုင်းက ဆိုရှယ်မီဒီယာတွင် ဝေဖန်မှုများ အကြီးအကျယ် ကြုံခဲ့ရသည်။ 

PEP အနေဖြင့် ဗဟိုအစိုးရက ချမှတ်ထားသည့် ကျောင်းသုံးဖတ်စာအုပ် စံချိန်စံညွှန်းများကို စေ့စေ့စပ်စပ် နားလည်မှု၊ အကောင်အထည်ဖော်မှု၊ အသုံးချမှုနှင့် ပြန်လည်သုံးသပ်မှုမရှိခဲ့ကြောင်း တွေ့ရှိရသည်ဟု တရုတ်ပညာရေးဝန်ကြီးဌာန၏ သုတေသနအဖွဲ့က ပြောသည်။

ကျောင်းသုံးစာအုပ်မှ သရုပ်ဖော်ပုံများ ရုပ်ဆိုးနေသည့်ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများနှင့် ဝန်ထမ်း (၂၇) ဦးကို ၎င်းတို့၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုအတွက် တာဝန်ခံစေခဲ့ကြောင်း သိရသည်။ 

၎င်းတို့အနက် ပါတီတွင်း ပြင်းထန်စွာ သတိပေးမှုခံရသည့် PEP ၏ ပါတီကော်မတီအတွင်းရေးမှူး၊ ဥက္ကဌ Huang Qiang တို့ ပါဝင်သည်။

အယ်ဒီတာချုပ် Guo Ge ကို အခြား ဝန်ထမ်းအချို့နှင့်အတူ ရာထူးမှ ဖယ်ရှားလိုက်ပြီး မူလတန်းကျောင်းသုံး သင်္ချာစာအုပ်အတွက် အယ်ဒီတာရုံး တာဝန်ခံလည်း ပါဝင်ကြောင်း သိရသည်။ 

ထို့အတူ သရုပ်ဖော်ပန်းချီရေးဆွဲသူ Wu Yong နှင့် အခြား ဒီဇိုင်နာ (၂) ဦးကိုလည်း အစိုးရကျောင်းသုံးစာအုပ်များ သို့မဟုတ် အခြား စီမံကိန်းများတွင် နောက်ထပ် အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်သည် ဆိုသည်။

တရုတ်ပညာရေးဝန်ကြီးဌာနက သရုပ်ဖော်ပုံများ ရုပ်ဆိုးနေသည့် မူလတန်းကျောင်းသုံး သင်္ချာစာအုပ်ကိစ္စကို စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့်အတူ အသစ်ပုံနှိပ်ထုတ်ဝေသွားမည့် ကျောင်းသုံးစာအုပ် သရုပ်ဖော်ပုံများကိုလည်း စက်တင်ဘာလ (၅) ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

ဆိုရှယ်မီဒီယာ အသုံးပြုသူအများစုက အသစ်ရေးဆွဲထားသည့် သရုပ်ဖော်ပုံများက များစွာပိုကောင်းလာသည်ဟု ပြောကြသော်လည်း အချို့ကမူ သာမန်ဖြစ်ကြောင်း မှတ်ချက်ပြုကြသည်။

Source: WhatsOnWeibo