တာချီလိတ်မြို့မှတဆင့် ထိုင်းဘက်သို့ တရားမဝင် ခိုးဝင်သူများ (၂)ရက် ဆက်တိုက် ဖမ်းခံရ

Photo: Pha Muang Task Force
Photo: Pha Muang Task Force
တာချီလိတ်မြို့မှတဆင့် ထိုင်းဘက်သို့ တရားမဝင် ခိုးဝင်သူများ (၂)ရက် ဆက်တိုက် ဖမ်းခံရ
By Mr John

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်အတွင်း မယ့်ဖလုံ နှင့် မယ်ဆိုင်တို့တွင် မြန်မာနိုင်ငံဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် အလုပ်အကိုင်ရှာဖွေသူ (၂၃) ဦးကို ဇွန်လ (၉) ရက် ညပိုင်းနှင့် ဇွန်လ (၁၀) ရက် နံနက်ပိုင်းတို့တွင် (၂)ရက် ဆက်တိုက် ဖမ်းဆီးခံရကြောင်း  သိရသည်။ 

Pha Muang Task Force မှ ကင်းလှည့်အဖွဲ့က မယ့်ဖလုံဒေသ ပရန်းမူဆာကျေးရွာတွင် လူ (၈) ဦးပါ အုပ်စုတစ်စုကို တားမြစ်စစ်ဆေးခဲ့သည်ဟု ဆိုသည်။

၎င်းတို့အားလုံးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်လာခဲ့ကြကြောင်း သိရသည်။ 

စစ်ဆေးမေးမြန်းမှုအရ ထိုအုပ်စုမှာ မယ်ဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနယ်စပ်မြို့ တာချီလိတ်မှ လာရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ထွက်ဆိုကြသည်။ 

၎င်းတို့က မြန်မာလူမျိုး လမ်းညွှန်တစ်ဦးကို ထိုင်းဘတ်ငွေ ၂၃,၀၀၀ ပေးခဲ့ရပြီး ဘန်ကောက်တွင် အလုပ်လုပ်ရန်ဖြစ်သည်ဟု ဆိုသည်။

ထို့အတူ မယ်ဆိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် နောက်ထပ် မြန်မာနိုင်ငံသား (၁၅) ဦးကိုလည်း ဇွန်လ (၉) ရက် ညပိုင်းက ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ 

ထိုအုပ်စုကလည်း တာချီလိတ်မြို့မှ မယ်ဆိုင်ချောင်းကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။ 

၎င်းတို့အားလုံးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၅) ဦး ပါဝင်သည်။

ထိုင်းစစ်သားများက စစ်ဆေးမေးမြန်းမှုအရ ထိုလူအုပ်စုမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှဖြစ်ပြီး ဘန်ကောက်တွင် အလုပ်လုပ်ကိုင်ရန်ဖြစ်ကြောင်း သိရသည်။ 

၎င်းတို့က လမ်းညွှန်တစ်ဦးကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၃,၀၀၀ စီ ပေးခဲ့ရကြောင်း ပြောသည်။ 

ဖမ်းဆီးမိခဲ့သည့် တရားမဝင် ရွှေ့ပြောင်းသူအားလုံးကို တရားဥပဒေအရ ဆက်လက်ဆောင်ရွက်ရန်နှင့် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကနေ တဆင့် နေရပ်ပြန်ပို့ရန် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

Source: Bangkok Post

 

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...