ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင် ကားတစ်စီးက လူအုပ်စုကို ဝင်တိုက်ခဲ့မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရ

Photo: John Barrowman/Scott Gill
Photo: John Barrowman/Scott Gill
ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင် ကားတစ်စီးက လူအုပ်စုကို ဝင်တိုက်ခဲ့မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရ
By Mr John

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ အသွားအလာများပြားသည့် လမ်းမတစ်ခုပေါ်တွင် ကားတစ်စီးက လမ်းသွားလမ်းလာ လူအုပ်စုကို ဝင်တိုက်ခဲ့မှုကြောင့် လူတစ်ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ဒေသစံတော်ချိန် ဇွန်လ (၈) ရက် နံနက်(၁၀)နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သည့် ယခုဖြစ်ရပ်မှာ တမင်ရည်ရွယ်ခဲ့ခြင်းဖြစ်သည် သို့မဟုတ် မတော်တဆမှုဖြစ်သည်ကို အတိအကျ မသိရသေးကြောင်း အရေးပေါ်ဌာန အရာရှိများက ပြောသည်။

ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်များကို ပြောကြားချက်အရ အသက် (၂၉) နှစ်အရွယ် ကားမောင်းသူကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ယခုဖြစ်ရပ်မှာ ဘာလင်မြို့အနောက်ပိုင်းရှိ အရောင်းဆိုင်များနှင့် အသွားအလာရှုပ်ထွေးသော အချက်အချာကျသည့်နေရာတွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ 

"ဒဏ်ရာရခဲ့သူ တစ်ဒါဇင်ကျော်ထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါတယ်" ဟု ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Thilo Cablitz က ပြောခဲ့သည်။ 

Sky News သတင်းဌာနကမူ ဒဏ်ရာရသူ (၃၀) ဦးခန့်ရှိကြောင်း ဖော်ပြထားသည်။

ကားမောင်းသူမှာ ဂျာမနီနှင့် အာမေးနီးယား နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူဖြစ်ပြီး ဘာလင်မြို့တွင် နေထိုင်ကြောင်းနှင့် ၎င်းကို ဖြတ်သွားဖြတ်လာတွေက ကနဦး ဖမ်းဆီးထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

သတင်းများတွင် ဖော်ပြမှုအရ ထိုကားမှာ လမ်းဘေးကို ဆွဲချသွားခဲ့ပြီး ပလက်ဖောင်းပေါ်တက်သွားခဲ့ပြီးနောက် ဆိုင်တစ်ဆိုင်ကို ဝင်တိုက်ပြီးရပ်သွားခဲ့သည်ဟု သိရသည်။

သတင်းဓာတ်ပုံများအရ ခဲရောင် Renault Clio အမျိုးအစားကားက အလှကုန်အရောင်းဆိုင်တစ်ဆိုင်၏ ကုန်ပစ္စည်းများ ခင်းကျင်းပြသထားသော မှန်ပြတင်းနေရာကို ဝင်တိုက်ထားကြောင်း တွေ့ရသည်။ 

လမ်းမအလယ်တွင် အလောင်းဖြစ်ပုံရသည့်အရာကို စောင်ဖြင့်အုပ်ထားသော ဓာတ်ပုံများကိုလည်း တွေ့ရသည်ဟု BBC သတင်းက ဖော်ပြသည်။ 

အခင်းဖြစ်နေရာသို့ အရေးပေါ်ဝန်ထမ်း (၁၃၀) ဝန်းကျင် လာရောက်ခဲ့ကြကြောင်း ဘာလင်ရဲတပ်ဖွဲ့က ပြောသည်။

ဘာလင်မြို့တော်ဝန် Franziska Giffey က ယခုဖြစ်ရပ်ကြောင့် အလွန်ထိခိုက်ခံစားရကြောင်းနှင့် ရဲတပ်ဖွဲ့က အသေးစိတ်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ဆောင်ရွက်နေကြောင်း သူမ၏ Twitter တွင် ရေးသားထားသည်။ 

ကားတစ်စီးက လူအုပ်စုကို ဝင်တိုက်မှုမှာ ဘာလင်အနောက်ပိုင်းရှိ အသွားအလာများပြားသည့် Rankestrasse လမ်းနှင့် Tauentzienstrasse လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုလမ်းထောင်နေရာမှာ ၂၀၁၆ ခုနှစ်က ထရပ်ကားတစ်စီးဖြင့် ခရစ်မတ်ဈေးတန်းရှိ လူအုပ်စုကို တမင်ရည်ရွယ် ဝင်တိုက်ခဲ့မှုကြောင့် လူ (၁၂) ဦး သေဆုံးခဲ့သော ဖြစ်ရပ်ဖြစ်ပွားခဲ့သည့် Breitscheidplatz ရင်ပြင်နှင့် မျက်နှာချင်းဆိုင်လည်း ဖြစ်သည်။ 

နောက်ပိုင်းတွင် ခရစ်စမတ်ဈေးတန်းကို ထရပ်ကားဖြင့်တိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ခြင်ဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြောခဲ့သည်။ 

ထိုစဉ်က ထရပ်ကားမောင်းသူကို အီတလီတွင် ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ကြောင်း သိရသည်။

Source: BBC, Sky News