တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် ဘူဆန်မြို့တွင် ပထမဆုံး ကမ်းလွန် ရေပေါ် လေဆိပ်တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကိုရီးယားဝမ်ငွေ (၁၃.၇) ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၉၁ ဘီလီယံ) ဖြစ်ကြောင်း သိရသည်။
ဘူဆန်မြို့၏ အကြီးဆုံးကျွန်းဖြစ်သည့် Gadeok ကျွန်းပေါ်တွင် မြို့၏ လေဆိပ်သစ်အတွက် ရွေးချယ်စရာ(၅)ခုကို သုံးသပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် ကမ်းလွန်နေရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် တည်ဆောက်ရန် ဆုံးဖြတ်လိုက်ကြောင်း မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနက ဧပြီ (၂၆) ရက်တွင် ပြောသည်။
အနီးအနားရှိ Gimhae နှင့် Jinhae လေဆိပ်များနှင့် ကပ်လျက်တည်ရှိမှုကြောင့် မြေသားမတည်ငြိမ်မှုနှင့် လေယာဥ်အသွားအလာ ရှုပ်ထွေးမှု မဖြစ်စေရန်အတွက်လည်း ကမ်းလွန်နေရာတွင် လေဆိပ်သစ်တည်ဆောက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လေဆိပ်သစ် စီမံကိန်းတွင် B747-400F အပါအဝင် နိုင်ငံပိုင် ကုန်တင်လေယာဥ်များ အတက်အဆင်း လုပ်နိုင်မည့် မီတာ (၃,၅၀၀) အရှည်ရှိ လေယာဥ်ပြေးလမ်း ပါဝင်မည်ဖြစ်သည်။
တောင်ကိုရီးယားတွင် ရွေးကောက်ခံသမ္မတ Yoon Suk-yeol က ၎င်း၏ သမ္မတ သက်တမ်းအတွင်း လေဆိပ်တည်ဆောက်ရေးကို တွန်းအားပေးသွားမည်ဟု ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဥ် ကတိပြုထားခဲ့ရာ ယခု ဘူဆန်ကမ်းလွန် ရေပေါ်လေဆိပ်သစ်တည်ဆောက်ရေးစီမံကိန်းမှာ အလျင်အမြန် အကောင်အထည်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။
ထို့အပြင် လက်ရှိသမ္မတ မွန်ဂျေအင်းကလည်း ဘူဆန်တွင် Gadeok-do အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးကို စီစဥ်ထားသည့်အတိုင်း စတင်ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း ဧပြီ (၂၆) ရက်တွင် အလေးပေး ပြောကြားထားပြီး ထိုလေဆိပ်တည်ဆောက်ရေးကို South Gyeongsang နယ်မြေရှိ ဒေသခံတွေကို ကာလရှည်ကြာ ဆန္ဒရှိနေခဲ့ကြသည်ဟု ဆိုသည်။
လေဆိပ်သစ် စီမံကိန်း အစီအစဥ်အရ ၂၀၂၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်း စတင်ရန် မျှော်မှန်းထားပြီး တည်ဆောက်ချိန် (၉) နှစ်နှင့် (၈) လ ကြာမြင့်မည်ဖြစ်ကာ ၂၀၃၅ ခုနှစ် ဇွန်လအတွင်း ဖွင့်လှစ်ရန်ဖြစ်ကြောင်း သိရသည်။
တည်ဆောက်ရေးအစီအစဥ် အဆင်ပြေပါက Gadeok-do အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တောင်ကိုရီးယားနိုင်ငံ၏ ပင်လယ်ပြင်တွင် တည်ဆောက်ထားသည့် ပထမဆုံး ကမ်းလွန် ရေပေါ်လေဆိပ်ဖြစ်လာမည် ဖြစ်သည်။
Source: PulseNews