မင်္ဂလာပွဲတွင် တည်ခင်းဧည့်ခံသည့် အစားအစာထဲ ဆေးခြောက်ထည့်မှုဖြင့် သတို့သမီး အဖမ်းခံရ

မင်္ဂလာပွဲတွင် တည်ခင်းဧည့်ခံသည့် အစားအစာထဲ ဆေးခြောက်ထည့်မှုဖြင့် သတို့သမီး အဖမ်းခံရ
By Mr John

မင်္ဂလာပွဲတွင် တည်ခင်းဧည့်ခံသည့် အစားအစာထဲ ဆေးခြောက်ထည့်မှုဖြင့် သတို့သမီး အဖမ်းခံရ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် မင်္ဂလာပွဲတက်ရောက်လာသည့် ဧည့်ပရိသတ်ကို တည်ခင်းဧည့်ခံသည့် အစားအစာများထဲ ဆေးခြောက်ထည့်မှုဖြင့် သတို့သမီးနှင့် မင်္ဂလာပွဲ ဧည့်ခံကျွေးမွေးမှု တာဝန်ယူသူတို့ကို ရဲတပ်ဖွဲ့က  ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ထိုမင်္ဂလာပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တွေက ၎င်းတို့ ဆေးခပ်ခံရသည်ဟု ထင်ကြောင်း ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီးနောက် နှစ်လခန့်အကြာတွင် သတို့သမီးနှင့် ဧည့်ခံကျွေးမွေးမှု တာဝန်ယူခဲ့သူတို့ကို ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်သည်။

ရဲတပ်ဖွဲ့က သတို့သမီး Danya Svoboda နှင့် မင်္ဂလာပွဲ၏ဧည့်ခံကျွေးမွေးမှု တာဝန်ယူခဲ့သူ Joycelyn Bryan တို့ကို သက်သေဖျောက်ဖျက်မှု၊ ပေါ့ဆမှုနှင့် ဆေးခြောက်မှုတို့ဖြင့် စွဲချက်တင်ထားသည်ဟု ဆိုသည်။

ဖြစ်စဉ်များကြောင့် မင်္ဂလာဧည့်ခံပွဲမှ အစားအသောက်များကို စစ်ဆေးခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို ဧပြီလ(၁၈)ရက်နေ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း နှင့်  Danya Svoboda ၏ မင်္ဂလာပွဲကို ဖလော်ရီဒါအလယ်ပိုင်းရှိ လောင်းဝုဒ်မြို့တွင် ဖေဖေါ်ဝါရီ (၁၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။



မင်္ဂလာပွဲသို့ တက်ရောက်သည့် ဧည့်သည် (၅၀) အနက်မှ အများအပြားက အသားလုံး၊ ဆလတ်ရွက်သုပ် အစရှိသည့် အစားအစာများကို စားပြီးနောက် ထူးထူးဆန်းဆန်း ခံစားခဲ့ကြရကြောင်း ထွက်ဆိုခဲ့ကြသည်။

ဧည့်သည်တွေက ဗိုက်နာခြင်းနှင့် အော့အန်ခြင်း ဖြစ်ခဲ့ကြပြီး အချို့ကို ကုသမှုခံယူရန် ဆေးရုံပို့ခဲ့ရပြီး ဧည့်သည်တစ်ဦးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်အရ နှလုံးခုန်မြန်လာပြီး စိတ်တုန်လှုပ်ခံစားရပြီး ရူးမိုက်သည့်အတွေးများရှိခဲ့သည်ဟု ဆိုသည်။



နောက်ထပ်ဧည့်သည် အမျိုးသမီးတစ်ဦးကလည်း သူမ၏ သားမက်ဖြစ်သူ သေဆုံးသွားပြီး မိသားစုက သူမကို မပြောဘဲထားသည်ဟု ထင်နေခဲ့သည်။

ထိုအမျိုးသမီးကို ဆေးရုံပို့ခဲ့ရပြီး ဆေးရုံတွင် အော်ဟစ်ဆူညံပြီး ရမ်းကားနေခဲ့မှုကြောင့် စိတ်ငြိမ်ဆေးပေးခဲ့ရသည်ဟု ဆိုပြီး နောက်ထပ် အခြားဧည့်သည့်တစ်ဦးကမူ သံလွင်ဆီထဲတွင် ဆေးခြောက်ထည့်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့က မင်္ဂလာပွဲကို လာရောက်စစ်ဆေးစဥ် အစားအစာထဲတွင် မူးယစ်ဆေးထည့်ရန် ခွင့်ပြုခဲ့ခြင်းရှိ မရှိ သတို့သမီးဖြစ်သူ Danya Svoboda ကို မေးမြန်းခဲ့ရာ ၎င်းက ငြင်းဆန်ခဲ့ကြောင်းနှင့် ဧည့်ခံကျွေးမွေးမှု တာဝန်ယူခဲ့သူနှင့် ၎င်း၏ ဝန်ထမ်းတွေကတော့ ရဲတပ်ဖွဲ့ ရောက်မလာမီ မင်္ဂလာပွဲမှ ထွက်ခွာသွားခဲ့ကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့က အစားအစာများကို စစ်ဆေးခဲ့ရာ ဆေးခြောက်တွင်ပါဝင်သည့် THC ခေါ် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုဖြစ်စေသည့် ဓာတုပစ္စည်းကို တွေ့ရှိခဲ့သည်။

ထို့အတူ ဧည့်သည် သုံးဦးကို သွေးစစ်ဆေးမှုအရလည်း မူးယစ်ဆေးဝါး တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောသည်။

အမေရိကန်နိုင်ငံတွင် ယခုအချိန်အထိ ပြည်နယ် (၁၈) ခုနှင့် ပြည်ထောင်စုနယ်မြေ District of Columbia (D.C.) တွင် ဆေးခြောက်ကို အပန်းဖြေမှုအတွက်သုံးရန် တရားဝင် ခွင့်ပြုထားသော်လည်း ဖလော်ရီဒါပြည်နယ်တွင်မူ ဆေးဘက်ဆိုင်ရာ အသုံးပြုမှုအတွက်သာ ခွင့်ပြုထားကြောင်း သိရသည်။

Source: BBC