တောင်အာဖရိကနိုင်ငံ Soweto မြို့ရှိ ဘားဆိုင်တစ်ဆိုင်အတွင်း ရိုင်ဖယ်နှင့် ၉ မမ ပစ္စတိုများကိုင်ဆောင်လာသည့် သေနတ်သမားများ ဝင်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ (၁၅) ဦး သေဆုံးပြီး (၉) ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
Soweto မြို့ငယ်လေးရှိ Orlando East ဘားဆိုင်အတွင်း ဇူလိုင်လ (၉) ရက် သန်းခေါင်ကျော်လွန်ချိန်က အစပြုပြီး ဇူလိုင်လ (၁၀) ရက် နံနက်အကူးတွင် သေနတ်သမားများ ဝင်ရောက်လာခဲ့ကြပြီးနောက် မြင်မြင်သမျှကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့က အဖြူရောင် မီနီဘတ်စ်ကားတစ်စီးဖြင့် အခင်းဖြစ်နေရာမှ မောင်းနှင်ထွက်ပြေးသွားကြောင်း နှင့် ယခုတိုက်ခိုက်မှု အကြောင်းရင်းကို မသိနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများတွင် စိုးရိမ်ရသည့် အခြေအနေရှိသူများလည်း ပါဝင်သည်ဟုဆိုသည်။
ဘားဆိုင်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများမှာ အသက် (၁၉) နှစ်နှင့် (၃၅) နှစ်ကြား အရွယ်များဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ထိုပစ်ခတ်မှုမှ သံသယရှိသူများကို ရှာဖွေနေပြီး မည်သူများဖြစ်ကြောင်း မသိရသေးဟု ဆိုသည်။
သေနတ်သမားများမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ရာ မျက်မြင်တွေ့ရှိသူများအနေဖြင့် သတင်းပေးကြရန်လည်း ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။
ဇူလိုင်လ (၉) ရက် ညပိုင်းကလည်း တောင်အာဖရိကနိုင်ငံ Pietermaritzburg မြို့ရှိ ဘားဆိုင်တစ်ဆိုင်တွင် နောက်ထပ် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ (၄) ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ (၁၀) ရက်နေ့တွင် ပြောသည်။
ထိုပစ်ခတ်မှုတွင်လည်း သေနတ်သမား (၂) ဦးက ဘားဆိုင်အတွင်း ဝင်ရောက်လာပြီး မြင်မြင်သမျှကို ပစ်ခတ်ခဲ့ကြောင်းနှင့် ၎င်းတို့မှာ လွတ်မြောက်နေဆဲဟု ဆိုသည်။
တောင်အာဖရိကတွင် ဇွန်လ (၂၆) ရက် နံနက်အစောပိုင်းကလည်း ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် East London မြို့ရှိ Enyobeni စားသောက်ဆိုင်အတွင်း လူငယ် (၂၂) ဦးကို ဒဏ်ရာမပေါ်ဘဲ သေဆုံးလျက်သား တွေ့ခဲ့ရသည်။
သေဆုံးနေသူများမှာ အသက်အငယ်ဆုံး (၁၃) နှစ်နှင့် (၂၀) နှစ်ကြားအရွယ်များဖြစ်ကြောင်း သိရသည်။ ထိုသေဆုံးမှုအကြောင်းရင်းကို ယခုအချိန်အထိ အတိအကျ မသိနိုင်သေးဟု ဆိုသည်။
Source: CNN, BBC, Reuters